အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရာတွင် လေးပွင့်ဆိုင်တွေ့ဆုံပွဲ၌ သဘောတူထားသည့် အချက်များထဲမှ အချို့သည့် ဆရာဆရာများအတွက် အခက်အခဲရှိနေ၍ ပြင်ဆင်ပေးနိုင်ရန် တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် ကျောင်းသားများ ဖေဖေါ်ဝါရီ ၂၀ရက်က ရန်ကုန်စီးပွားရေး တက္ကသိုလ် (ရွာသာကြီး)၌ ဆွေးနွေးခဲ့သည်ဟု စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါ်ခင်နိုင်ဦးက မီဒီယာများသို့ ပြောသည်။
"ဒီဥပဒေနဲ့ဆိုရင် ဘယ်လိုမှ စီမံခန့်ခွဲလို့ မရပါဘူး။ ဒီလိုသင်ရိုးညွှန်တမ်းဆိုရင် ဘယ်လိုမှ ဆောင်ရွက်လို့ မရတဲ့အတွက် ဒါလေးကိုအကြံပြုတာပါ။ တော်ရုံတန်ရုံလောက်ဆိုရင် ဒီလိုပဲနေကြတာပါ။ ဒါတစ်မျိုးသားလုံး ဆိုင်တဲ့ ပညာရေးလည်းဖြစ်သည့်အတွက်" ဟု ရန်ကုန်စီပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါ်ခင်နိုင်ဦးက ပြောသည်။
ဆွေးနွေးမှုတွင် တက္ကသိုလ်များ၌ စီမံခန့်ခွဲမှုနှင့် တက္ကသိုလ်ဝင်ခွင့်၊ ဆရာဆရာမများ အပြောင်းရွှေ့နှင့် ဘာသာရေးကျောင်းများ၊ အကဲဖြတ်မှုပိုင်း၊ သက်ဆိုင်ရာ အကြောင်းအရာ အချက် (၆)ချက်ကို ဆွေးနွေးခဲ့သည်ဟု ရန်ကုန်စီပွားရေးတက္ကသိုလ် (ရွာသာကြီး) ပထမနှစ် စာရင်းအင်းပညာမှ ကိုရဲမင်းဦးက မဇ္စျိမသို့ပြောသည်။
ဆရာမများ စိုးရိမ်နေသည့် အချက်ခြောက်ချက်ရှိပြီး ထိုအချက်များကို စကားလုံးပြင်ဆင်ရန် ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။ အမျိုးသား ပညာရေး ဥပဒေမှုကြမ်း ပုဒ်မ (၄၃)တွင် အမျိုးသားသင်ရိုးညွန်း တမ်း ရေးဆွဲရာ၌ ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သည့် ကော်မတီကို အဖွဲ့ဝင် အနည်းဆုံး ၉ဦး ကော်မတီဖြင့် ဖွဲ့စည်းမည် ဆိုသည့်အချက်ကို လက်မခံခြင်းဖြစ်သည်။
ယင်း ၉ဦးကော်မတီတွင် ပညာရှင် ၅ဦးနှင့် ပညာရေး ဝန်ကြီးဌာနမှ ၂ဦး လွှတ်တော်မှ ၂ဦးဆိုသည်မှာ မဖြစ်နိုင်ကြောင်းဟုလည်း ဒေါ်ခင်နိုင်ဦးက ဆိုသည်။
ယင်းအပြင် ပုဒ်မ ၄၄ပါ အစိုးရကျောင်းများနှင့် အခြားကျောင်းများသည် အပြန်အလှန် ဆက်သွယ်ကူးပြောင်း သင်ကြားနိုင်ရန် ကူညီဆောင်ရွက်ရမည်ဟူသည့်အချက်၊ ပုဒ်မ ၁၇ပါ တက္ကသိုလ်ဝင်ခွင့်အတွက် သင်ယူလိုသည့် ဘာသာရပ်နှင့် တက္ကသိုလ်ကို ကျောင်းသားများကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်ခွင့်ရှိရန် ဆိုသည့် အချက်၊ ပုဒ်မ ၂၂ (က) ပုဒ်မခွဲ (စစ)ပါ ဆရာ/ဆရာမများအပေါ် ကျောင်းသူ/ကျောင်းသားများ၏ အကဲဖြတ်မှုများအား တက္ကသိုလ်၊ ကျောင်းအုပ်ချုပ်ရေးကောင်စီသို့ တင်ပြရမည်ဆိုသည့်အချက် အပါအဝင် အချက်ခြောက်ချက်ကို ဆရာ/ဆရာမများက စကားလုံးအချို့ကို ပြင်လိုပြီး အချို့ကို ပယ်ဖျက်လိုခြင်း ဖြစ်သည်။
"ဒီနေ့ဆွေးနွေးပွဲ အောင်မြင်စွာနဲ့ ပြီးဆုံးသွားတယ်။ ဥပဒေပိုင်းဆိုင်ရာနဲ့ ဆွေးနွေးသွားတာ နည်းတယ်။ လက်တွေ့လုပ်ငန်းပေါ် အခြေခံပေါ်မှုတည်ပြီးတော့ ဥပဒေနဲ့ ဆွေးနွေးတာထက် ဆရာတွေရဲ့ လုပ်ငန်းသဘောသဘာဝနဲ့ အချက်အလက်တွေနဲ့ မညီလို့ ဆွေးနွေးတဲ့ ပွဲပါပဲ" ဟု (စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ) ကိုဇေယျလွင်က ပြောသည်။