ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ပါဝင်သည်ကို မသိရှိခြင်း မွန်ပြည်နယ်တွင် အများဆုံးဖြစ်

ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ပါဝင်သည်ကို မသိရှိခြင်း မွန်ပြည်နယ်တွင် အများဆုံးဖြစ်
by -
မဇ္စျိမ

 ပြည်ထောင်စု လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်း ပါဝင်သည်ကို မသိရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် မွန်ပြည်နယ်သည် ရာခိုင်နှုန်းအမြင့်ဆုံးဖြစ်ကြောင်း The Asia Foundation ၏ စစ်တမ်းတွင် ဖော်ပြသည်။

ဖေဖော်ဝါရီလ ၁၇ရက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြုလုပ်သည့် ၂ဝ၁၄ခု မြန်မာနိုင်ငံ ပြောင်း လဲ နေသောလူ့အဖွဲ့အစည်းအတွင်းရှိ နိုင်ငံသားများ၏ အသိပညာနှင့် တန်ဖိုးထားမှုများ စစ်တမ်းရလဒ်များကို ရှင်းလင်းခြင်း အခမ်းအနားတွင် The Asia Foundation မှ Senior Program Officer ဦးရဲသူအောင်က ပြောခြင်းဖြစ်သည်။

စစ်တမ်းအရ တပ်မတော်သား ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်း ပါဝင်သည်ကို မသိရှိမှုမှာ မွန်ပြည်နယ်သည် ၈၅ရာခိုင်နှုန်း၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ် ၈၄ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ် ရ၇ရာခိုင် နှုန်း၊ ကယားပြည်နယ် ရ၆ရာခိုင်နှုန်းနှင့် ရှမ်းပြည်နယ် ရ၃ရာခိုင်နှုန်း၊ ကချင်ပြည်နယ် ၄၉ရာခိုင်နှုန်း အသီးသီး ရှိသည် ။

ဦးရဲသူအောင်က ''ယခုတွေ့ရှိချက်က ၂ဝ၁၄ခုမှာ ကောက်ခံခဲ့တဲ့ လူတွေရဲ့ အမြင်ပဲ ဖြစ်ပါတယ်။ ဒီတွေ့ရှိချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ဖို့အတွက် အရပ်ဘက်အဖွဲ့တွေကို လာရောက် ရှင်းလင်းတာ ဖြစ်တယ်။ ဒီအချက်အလက်တွေကို နိုင်ငံရေးပါတီက လိုချင်တယ်ဆိုရင် ကူညီပေးသွားမယ်'' ဟု ပြောသည် ။

စစ်တမ်းကို ၂ဝ၁၄ ခု၊ မေ ၁ရက်မှ ဇွန် ၁ဝရက်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ခုအတွင်း ကောက်ခံခဲ့ပြီး လူတွေ့မေးမြန်းမှု ၃,ဝဝဝကို အခြေခံကာ ထုတ်ပြန်ခြင်း ဖြစ်သည်။

စစ်တမ်းတွင် နိုင်ငံသားများသည် အစိုးရ ဖွဲ့စည်းပုံနှင့် လုပ်ငန်းများကို သိရှိမှုနှင့် အစိုးရအဖွဲ့ဝင်များ ရွေး ချယ်ခြင်းနှင့် ပတ်သက်သည့် ဖွဲ့စည်းအုပ်ချုပ်မှုဆိုင်ရာ နားလည်သဘောပေါက်မှု နည်းပါးကြကြောင်း၊ ၎င်းအနက် ပြည်နယ်များရှိ အမျိုးသမီးများသည် နားလည်မှု ပိုမိုနည်းပါးကြောင်း တွေ့ရသည်ဟု ဆိုသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရတို့၏ လုပ်ငန်းတာဝန်မှာ ၈ရာခိုင်နှုန်းသော ပြည်သူတို့က လမ်းများနှင့် ပညာရေး ကောင်းမွန်အောင် ပြုပြင်ပေးခြင်း၊ ရရာခိုင်နှုန်းမှာ ကျန်းမာရေး၊ ၆ရာခိုင်နှုန်းမှာ နိုင်ငံသားများအကြား ပဋိပက္ခ ကြားဝင်စေ့စပ်ပေးခြင်း၊ ၃ရာခိုင်နှုန်းမှာ ဆင်းရဲသားများကို ကူညီစောင့်ရှောက်ပေးခြင်းဟု ဖြေဆိုကြပြီး ရ၆ရာခိုင်နှုန်းမှာ မသိရှိကြကြောင်း စစ်တမ်းကဆိုသည်။

The Asia Foundation သည် အာရှနိုင်ငံများ၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်များ မြှင့်တင်ရေး၊ အမျိုးသမီးထု အခွင့်အရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဒေသတွင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အမြတ်အစွန်း ပဓာနမထားဘဲ ဆောင်ရွက်နေသော အစိုးရနှင့် မသက်ဆိုင်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။