ဝှိုက်ကတ် အပ်နှံမှုများ လက်ခံရန် မြို့နယ်တိုင်းတွင် ကော်မတီများဖွဲ့ထား

ဝှိုက်ကတ် အပ်နှံမှုများ လက်ခံရန် မြို့နယ်တိုင်းတွင် ကော်မတီများဖွဲ့ထား
by -
မဇ္စျိမ

ယာယီ သက်သေခံလက်မှတ် (ဝှိုက်ကတ်) ပြန်လည်အပ်နှံမှုများကို လက်ခံရန် မြို့နယ်အဆင့် ရပ်ကျေးအဆင့် ကော်မတီများ ဖွဲ့စည်းထားပြီး ဖြစ်သည်ဟု ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ပြောသည်။

ဝှိုက်ကတ်အပ်နှံမှုများနှင့် စိစစ်မှုများအတွက် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်မှ ရပ်ကျေးအဆင့် ကော်မတီအဖွဲ့များ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အဆိုပါအဖွဲ့များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လဝက ဝန်ထမ်းများ ပါဝင်သည်။

''ခြောက်သိန်းကျော်ကို ပြန်လက်ခံပြီး စိစစ်ရမှာဖြစ်လို့ ကြိုတင်စီစဉ်ထားတာတွေ ရှိပါတယ်။ ဝန်ကြီးဌာနကလည်း သီးခြား အစီအမံတွေအတွက် ဒီလအတွင်း အစည်းအဝေး ထပ်ခေါ်ထားပါတယ်'' ဟု ဆိုသည်။

မတ်လ ၃၁ရက်တွင် ဝှိုက်ကတ်များ သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ပြန်လည်အပ်နှံရမည်ဖြစ်ကာ အပ်နှံရန် ကာလမှာ ဧပြီမှ မေလကုန်အထိ ဖြစ်သည်။ ကိုင်ဆောင်ထားသူများထံမှ ဝှိုက်ကတ်များ ပြန်အပ်နှံပြီး နိုင်ငံ သားဖြစ်ခွင့်လက်မှတ်များ ထုတ်ပေးနိုင်ရန် မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် စိစစ်ရမည် ဖြစ်သည်။

''လာအပ်တဲ့သူတွေကို စိစစ်တဲ့နေရာမှာ အထောက်အထားအပြည့်အစုံပါရမယ်။ လဝကရဲ့ စည်းမျဉ်းတွေနဲ့ညီမှ ပြည်နယ်အဆင့်ကနေ ပြည်ထောင်စု အဆင့်ကို ရောက်မယ်''ဟု ၎င်းက ပြောသည်။

ဝှိုက်ကတ် ကိုင်ဆောင်သူများသည် မည့်သည့်အချက်အလက်များ ရှိရမည်ကို ကြိုတင်သိရှိထားရန်လိုအပ်သည် ဟု ဆိုသည်။ သို့ရာတွင် ဝှိုက်ကတ် ကိုင်ဆောင်ထားသူ ဦးအောင်ဝင်းက ''၈၂ စစ်တယ်၊ ဘာတွေရှိရမယ်ဆို တာ ပြောမထားဘူး။ အခုကတ်တွေပြန်အပ်ရင်လည်း ကျွန်တော်တို့ ဘာတွေပြင်ဆင်ထားသင့်တယ်ဆို တာ ပြောထားဖို့လိုပါတယ်'' ဟု ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဝှိုက်ကတ် ကိုင်ဆောင်သူများ မဲပေးခွင့်ရရှိရန် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။ ထို့နောက် သမ္မတရုံးက ဝှိုက်ကတ်များ မတ်လ ၃၁ရက်တွင် သက်တမ်းကုန်ဆုံးပြီး ပြန်လည် အပ်နှံရန် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက ဝှိုက်ကတ် ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုခြင်းသည် အခြေခံဥပဒေနှင့် မညီညွတ်ဟု ဖေဖော်ဝါရီ ၁၆ရက်က လွှတ်တော်သို့ အကြောင်းပြန်ထားသည်။

Most read this week