လောက်ကိုင်ဒေသ တိုက်ပွဲများကြောင့် တစ်ပတ်အတွင်း စစ်ပြေးရှောင် ဒုက္ခသည် ၃,၁၀၀ ကျော်ထိ ကယ်ဆယ်ခဲ့ရ

လောက်ကိုင်ဒေသ တိုက်ပွဲများကြောင့် တစ်ပတ်အတွင်း စစ်ပြေးရှောင် ဒုက္ခသည် ၃,၁၀၀ ကျော်ထိ ကယ်ဆယ်ခဲ့ရ
by -
မဇ္စျိမ

 လောက်ကိုင်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကွမ်းလုံမြို့နယ်တွင် တစ်ပတ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည် ၃,၁၆၃ဦးအထိ ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်းခွဲက ကူညီကယ်ဆယ်ခဲ့ရ ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်း လူမှုကရုဏာ လုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာန ညွှန်ကြားရေး မှူး ဒေါ်ရွှေစင်မြင့်က မဇ္ဈိမကို ပြောသည်။

အဆိုပါ စစ်ရှောင်ဒုက္ခသည်များကို ဖေဖော်ဝါရီလ ၁၁ရက်မှ ၁၇ရက်အထိ ဒေသခံ ကြက်ခြေနီအသင်းခွဲသည် မြို့နယ်လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းကာ မော်တော်ယာဉ်များဖြင့် လောက်ကိုင်ဒေသမှ ကွမ်းလုံဒေသ၊ ကွမ်းလုံဒေသမှ လားရှိုးမြို့အထိ ယာဉ်ခေါက်ရေ ၃ဝကျော်ဖြင့် စစ်ပြေးရှောင်ဒုက္ခသည် ၃,၁၆၃ဦးကို ကယ်ဆယ်ခဲ့ခြင်း ဖြစ်သည်။

လောက်ကိုင်မှ လားရှိုးသို့ စစ်ဘေးရှောင်လာသော ဒုက္ခသည်များကို တွေ့ရစဉ် ။ (ဓာတ်ပုံ - အီးပီအေ)

စစ်ဘေးတိမ်းရှောင်နေစဉ် ကာလအတွင်း ဖြစ်ပွားသည့် ယာဉ်မတော်တဆမှု နှစ်ခုမှ အရေးပေါ်လူနာ ၅၅ဦးနှင့် အသက်ဆုံးရှုံခဲ့ရသူ ခုနစ်ဦးကိုလည်း ကယ်ဆယ်ပေးခဲ့ကြောင်း ကြက်ခြေနီအသင်း မှတ်တမ်းများအရ သိရသည်။

ဒေါ်ရွှေစင်မြင့်က ''ဒီစာရင်းတွေက ကွမ်းလုံက ရရှိထားတဲ့ နောက်ဆုံးစာရင်း ဇယားပါ။ ဒီထက်လည်း များနိုင်ပါသေးတယ်။ ကူညီပေးခဲ့ရတဲ့ ဒုက္ခသည်စုစုပေါင်း အရေအတွက်ကိုတော့ မသိရသေးပါဘူး'' ဟု ပြောသည်။

လောက်ကိုင်ဒေသမှ စစ်ရှောင်ဒုက္ခသည်များ တင်ဆောင်လာသည့် ယာဉ်တန်းမှ ကြက်ခြေနီအလံလွှင့်တင် ထားသည့် ယာဉ်တစ်စီး ဖေဖော်ဝါရီလ ၁၇ရက်က တိုက်ခိုက်ခံခဲ့ရပြီး စေတနာ့ဝန်ထမ်း ကြက်ခြေနီ နှစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။

လောက်ကိုင်ဒေသအတွင်း ဖေဖော်ဝါရီ ၉ ရက်က စတင်ကာ ဦးဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်လက် နက်ကိုင်တပ်ဖွဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နှင့်အစိုးရ တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။

MNDAA ခေါ် ကိုးကန့် တပ်မတော်သည် ၁၉၈၉ခုနှစ်က မြန်မာအစိုးရ စစ်တပ်နှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ၂ဝဝ၉ခုနှစ်တွင် ကိုးကန့်တပ်မတော်၏ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် လက်နက်ထုတ်လုပ်မှုကို ဓာတ်ပုံအထောက်အထားနှင့်တကွ မြန်မာအစိုးရစစ်တပ်က ထောက်ပြပြောဆိုခဲ့သည်ကို ငြင်းဆိုခဲ့သည်။

ယင်းနောက် စုံစမ်းရန်ရောက်ရှိလာသည့် ရဲဝန်ထမ်း ၁၄ဦးကို ကိုးကန့်တပ်မတော်က သတ်ဖြတ်ပြီးနောက် မြန်မာအစိုးရ စစ်တပ်က မူးယစ်ဆေးဝါးထုတ်လုပ်မှုကို ဝင်ရောက်ရှာဖွေရာမှ တိုက်ခိုက်ခဲ့သဖြင့် ကိုးကန့်တပ်မတော် ခေါင်းဆောင် ဦးဖုန်ကြားရှင်သည် အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ဖေဖော်ဝါရီလအတွင်းတွင် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။