တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျန်းမာရေး စစ်တမ်းကောက်ယူမည်

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျန်းမာရေး စစ်တမ်းကောက်ယူမည်
by -
မဇ္စျိမ

ကျန်းမာရေး ဝန်ကြီးဌာနက ၂ဝ၁၅ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျန်းမာရေး စစ်တမ်းကောက်ယူမှုများ ပြုလုပ်မည်ဟု ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မေသန်းက ပြောသည်။

ကမ္ဘာလုံးဆိုင်ရာ အာဟာရအစီရင်ခံစာအကြောင်း တင်ပြဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၆ရက်က Summit Park-view ဟိုတယ်တွင် ပြုလုပ်သည့် အခမ်းအနား၌ ပြောကြားခြင်း ဖြစ်သည်။

ဒေါက်တာခင်မေသန်းက ''ဒေသအလိုက် ကျန်းမာရေးစစ်တမ်း ကောက်ယူမှုတွေ လုပ်သွားမယ်။ ၂ဝ၁၅ နှစ်လယ်လောက် ဖြစ်ဖို့များတယ်။ အရင်တုန်းက ကျန်းမာရေးစစ်တမ်းတွေ ကောက်ရင် ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်တွေ တိုင်းတာပြီး ဒီအပေါ်မှာ တွက်ချက် စစ်ဆေးတာမျိုးလောက်ပဲ လုပ်ပေးနိုင်ခဲ့တယ်။ အခုတော့  Biochemical Test ခေါ်တဲ့ ခန္ဓာကိုယ်ထဲကသွေး၊ တံတွေးစတဲ့ နမူနာ တစ်ခုခုကိုယူပြီး ရောဂါစစ်ဆေးတာမျိုးနဲ့ အဏု အာဟာရစစ်ဆေးမှုလို့ခေါ်တဲ့ အာဟာရဓာတ်ချို့တဲ့မှုပိုင်း စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာပါ'' ဟု ဆိုသည်။

မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ခံဆရာဝန် ဒေါက်တာ စမ်းစမ်းလှိုင်က ''မြန်မာ နိုင်ငံမှာ အာဟာရချို့တဲ့မှုကြောင့် ငါးနှစ် အောက်ကလေးတွေနဲ့ မိခင်လောင်းတွေ မှာအများဆုံးဖြစ်နေ တယ် ။ အရပ်ပုတယ် ရှည်တယ်ဆိုတာက ကြီးထွားမှုအတွက်ကောင်းတဲ့ တိုင်းတာမှုတစ်ခုပါ။ ဒါပေမဲ့ တကယ့် အာဟာရချို့တဲ့မှုအတွက် ကျတော့ ဘာလိုအပ်သလဲဆိုတာကို သွေးစစ်တာမျိုးနဲ့မှ သိရှိပြီး ထိရောက်တဲ့ ကာကွယ်မှု ပေးနိုင်မယ်'' ဟုဆိုသည်။

ယင်းကဲ့သို့ ခန္ဓာကိုယ်မှ နမူနာတစ်ခုခုကိုယူပြီးစစ်ဆေးခြင်းဖြင့် အာဟာရလိုအပ်ချက်နှင့် ရောဂါဗေဒဆန်းစစ်မှု များကို တိကျစွာပြုလုပ်နိုင်ပြီး ကျန်းမာရေးစီမံကိန်းများကို လိုအပ်သည့်ဒေသအလိုက် ပိုမိုထိရောက်စွာ ပြုလုပ်နိုင် သည်ဟု ဒေါက်တာခင်မေသန်းက ဆိုသည်။

ယင်းကျန်းမာရေး စစ်ဆေးမှုပြုလုပ်မည့် ဒေသများကို ပဏာမအဆင့်တွင် ကျပန်းမဲစနစ်ဖြင့် ရွေးချယ်မည်ဖြစ်ပြီး ယင်းစစ်ဆေးမှုမှ ရရှိလာသောရလဒ်ပေါ်တွင်မူတည်၍ မြန်မာနိုင်ငံနှင့်ကိုက်ညီ သောအာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ စစ်တမ်းကောက်ယူမှုများနှင့် စီမံကိန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက်လုပ်ဆောင်သွား မည်ဟု သိရသည်။

ကမ္ဘာလုံးဆိုင်ရာ အာဟာရ အစီရင်ခံစာ (၂ဝ၁၄)တွင် အာဟာရချို့တဲ့မှုနှင့် ကိုယ်အလေးချိန် လွန်ကဲမှုများကြောင့် နိုင်ငံများ၏ ထုတ်လုပ်မှုစွွမ်းအားသည် ၁၁ရာခိုင်နှုန်းအထိ ကျဆင်းစေမည် ဖြစ်သည်။