မျိုးစောင့်ဥပဒေများဟု လူသိများသည့် ဥပဒေများထဲမှ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်းကို အခြေခံဥပဒေနှင့် လူ့အခွင့်အရေးကော်မရှင်က ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန် သင့်မသင့် အလေးအနက်ထားဆောင်ရွက်ရန် အကြံပြုထားသော်လည်း အမျိုးသားလွှတ်တော်က ၁၈ရက်မြောက် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်အတည်ပြုလိုက်သည်။
''ဒီဥပဒေကို ပြဋ္ဌာန်းလိုက်မယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ အခြေခံဥပဒေနဲ့ကော အခြားနိုင်ငံတကာနဲ့ကော ကိုက်ညီမှုမရှိဘူး။ အဲဒီအပြင် လူနည်းစုတွေက ကန့်သတ်ခွဲခြားမှုတွေ ရှိမလားစိုးရိမ်ချက်တွေကို လူမှုအဖွဲ့ အစည်းတွေက စိုးရိမ်ကြောင်း လွှတ်တော်ကို တင်ပြထားတာကိုလည်း ထည့်သွင်းစဉ်းစားဖို့သင့်ပါတယ်။ ဒါကြောင့် လက်ရှိဒီအခြေအနေမျိုး ဒီဥပဒေကိုပြဋ္ဌာန်းရန် မသင့်လျော်ကြောင်း ကန့်ကွက်ရခြင်းဖြစ်ပါတယ်'' ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ကန့်ကွက်ပြောဆိုသည်။
အဆိုပါဥပဒေကြမ်းတွင် သားဆက်ခြားခြင်းဆိုသည်မှာ ကလေးမွေးဖွားရာတွင် ၃၆လခြားပြီးမှ နောက်ထပ် ကလေးမွေးဖွားခြင်းကို ဆိုသည်။ ဥပဒေကြမ်းတွင် ပြစ်မှုပြစ်ဒဏ်များ ထည့်သွင်းထားခြင်းမရှိသည့်အတွက် ကျွေးမွေးစောင့်ရှောက်နိုင်လျှင် ကလေးမွေးဖွားခြင်းများကို ဆောင်ရွက်နိုင်သည်ဟု ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက လွှတ်တော်တွင် ပြောသည်။
အဆိုပါဥပဒေကြမ်းကို ကန့်ကွက်သူရှိသဖြင့် အတည်ပြုခြင်းကို မဲခွဲဆုံးဖြတ်ရာတွင် လွှတ်တော်ကိုယ်စားလှယ် မဲပေးခွင့်ရှိသူ ၁၇၆ဦးတွင် ကန့်ကွက်သူူ ၁၂ ဦး ကြားနေမဲ တစ်ဦးသာရှိခဲ့သည့်အတွက် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
''တကယ်တမ်း ဥပဒေကြမ်းကလည်း ပြောတယ်။ ရှေ့နေချူပ်ရုံးကလည်း ဖြေတယ်။ မွေးနိုင်ရင် မွေးလို့ရတယ်။ မလိုက်နာလည်း ဘာမှမဖြစ်ဘူးဆိုတော့ ဘာဖြစ်လို့ ဥပဒေပြဋ္ဌာန်းနေသေးလဲ၊ ရှိပြီးသားအတိုင်း ဆောင်ရွက်ရင် ပိုပြီးတော့ မပြည့်စုံဘူးလား'' ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။
အဆိုပါဥပဒေကြမ်းအတွက် နိုင်ငံတော် သမ္မတရုံးက ဥပဒေကြမ်းရေးဆွဲရေး ကော်မတီဖွဲ့စည်းပြီး မျိုးစောင့်ဥပဒေများဟု လူသိများသည့် ဥပဒေလေးမျိုးကို အမျိုးသားလွှတ်တော်တွင် ဥပဒေကြမ်းနှစ်ခုနှင့် ပြည်သူ့လွှတ်တော်တွင် ဥပဒေကြမ်းနှစ်ခုကို ဆွေးနွေးအတည်ပြုပေးရန် ပေးပို့ထားသည်။