ပင်လောင်းဟော်နန်းဟောင်းအား မွမ်းမံဖို့ RCSS ခေါင်းဆောင် ပံ့ပိုးမည်

ပင်လောင်းဟော်နန်းဟောင်းအား မွမ်းမံဖို့ RCSS ခေါင်းဆောင် ပံ့ပိုးမည်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်၏ ဖေဖေါ်ဝါရီ ၁၈ရက် ပင်လောင်းမြို့ ခရီးစဉ်တွင် ပင်လောင်း ဟော်နန်းဟောင်းအား မွမ်းမံပြင်ဆင်ဖို့ ပံ့ပိုးကူညီသွားမည်ဟု ပြောကြားလိုက်သည်။

ဖေဖေါ်ဝါရီ ၁၈ရက် နံနက်ခင်းပိုင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဥက္ကဌ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ဦးစံလွင် လိုက်ပါပို့ဆောင်မှုဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်အဖွဲ့သည် ပင်လောင်းမြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများအပါအဝင် ပင်လောင်း သျှမ်းစာပေယဉ်ကျေးမှု ဥက္ကဌ ဆရာစိုင်းစံလှ၊ စိုင်းအောင်စိုးနှင့် ဒေသခံ ၅၀၀ကျော်တို့အား ပင်လောင်းမြို့ မွေတော်ကျောင်းတိုက်တွင် တွေ့ဆုံကြသည်။

Pang Long

ပင်လောင်းလူထုနှင့်တွေ့ဆုံပွဲတွင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ဒေသခံလူထုအား တိုင်းပြည်ကို ဒီမိုကရေစီစနစ်နှင့် ထူထောင်ဖို့ သွားနေသည့်အတွက် ဒီမိုကရေစီအကြောင်း လေ့လာဖို့ရန် လိုအပ်ကြောင်း၊ စာလည်းများများဖတ်ဖို့ လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်ပင်လောင်းဟော်နန်းကို သွားရောက်လေ့လာပြီး ပျက်စီးယိုယွင်းနေတဲ့ ပင်လောင်းဟော်နန်း ကို ပြင်ဆင်ဖို့ ကမကထပြုမည်ဟု သျှမ်းစာပေယဉ်ကျေးမှု ဉက္ကဌနှင့် ပင်လောင်း အကြီးအကဲများထံ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားခဲ့သည်။

ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ပင်လောင်းမြို့ လူထု တွေ့ဆုံပွဲတွင် ပအိုဝ်းခေါင်းဆောင် ဦးစံလွင်ကလည်း "အခုတွေ့ဆုံပွဲဟာ အနာဂတ်သျှမ်းပြည်အရေး ပြည်ထောင်စုအရေး အတူတကွ ပူးတွဲလုပ်ဆောင်သွားနိုင် ဖို့ ဖြစ်တယ်" ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံးစသည့် မြို့နယ် သုံးမြို့နယ်အား စုစည်း၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်သတ်မှတ်ထားသည်။ ထိုဒေသအတွင်း ပအိုဝ်းခေါင်းဆောင်ကူညီပေးမှုဖြင့် ခရီးလှည့်လည်ခြင်းသည် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်အတွက် ပထမဆုံးသော ခရီးစဉ်ဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့်အဖွဲ့သည် ပင်လောင်းလူထုနှင့် တွေ့ဆုံပြီးနောက် တီကျစ်ဘက် ခရီးဆက်ကြောင်း ဖေဖေါ်ဝါရီ ၁၈ရက်နေ့တွင် တောင်ကြီးမြို့သို့ ပြန်လည်ရောက်ရှိကာ တစ်ညသာ တည်းခိုမှာဖြစ်ပြီး ဖေဖေါ်ဝါရီ ၁၉ရက်နေ့တွင် လွယ်လင်ခရိုင်ဘက် ခရီးဆက်မည်ဖြစ်ကြောင်း ခရီးစဉ်မှာလိုက်ပါသည့် စဝ်ပင်ခမ်းက ပြောသည်။

Most read this week