ရန်ကုန်သို့ ချီတက်နေသည့် ကျောင်းသားသပိတ်စစ်ကြောင်းများ ယာယီရပ်နား

ရန်ကုန်သို့ ချီတက်နေသည့် ကျောင်းသားသပိတ်စစ်ကြောင်းများ ယာယီရပ်နား
by -
မွန်အေဂျင်စီ

အခြေခံပညာကျောင်းများ စာမေးပွဲဖြေဆိုမည့် ရက်ရောက်ရှိလာသောကြောင့် ရန်ကုန်မြို့သို့ ချီတက်နေကြသည့် ကျောင်းသား သပိတ်စစ်ကြောင်းများ ပဲခူးတိုင်းဒေသကြီးတွင် ယာယီရပ်နားလိုက်ပြီဟု သက်ဆိုင်ရာ ကျောင်းသားခေါင်းဆောင်များမှ သိရသည်။

မွန်-ထားဝယ်-မြေလတ်-မုံရွာ သပိတ်စစ်ကြောင်းများ ဖေဖေါ်ဝါရီ ၁၆ရက်နေ့မှ ၃၀ရက်နေ့ အထိလည်းကောင်း၊ ပင်မကျောင်းသား သပိတ်စစ်ကြောင်း ကလည်း မတ်လ ၁ ရက်နေ့ထိလည်းကောင်း အမျိူးသားပညာရေး ဥပဒေအား ပြင်ဆင်သည့် ဥပဒေအား လွှတ်တော်၌အတည်ပြု ပြဌာန်းသည့်အထိ စောင့်ကြည့် မည်ဖြစ်ကြောင်း ကျောင်းသားများ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မွန်ပြည်နယ် ကျောင်းသားသပိတ်စစ်ကြောင်း(စောဇင်ညီ)

မွန်ပြည်နယ် ကျောင်းသားခေါင်းဆောင် ကိုဘုန်းမြတ်မိုးက “အခြေခံပညာကျောင်းသားတွေ စာမေးပွဲနီးပြီ၊ အနှောက်အယှက်ဖြစ်မှာကို စိုးရိမ်တယ်၊ ကျွန်တော်တို နေရပ်ပြန်ပြီး လွှတ်တော် အခြေအနေကို စောင့် ကြည့်နေမယ်၊ ဒီကာလအတောအတွင်းမှ ဥပဒေမူကြမ်းကို ကျွန်တော်တို့ ဒေသက ကျောင်းသားတွေကို ပြန်ပြီး ရှင်းပြသွားမှာပါ” ဟု ပြောသည်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေသော ကျောင်းသားများအပါအဝင် အစိုးရ၊ လွှတ်တော်၊ ကျောင်းသား၊ NNERတို့မှ ကိုယ်စားလှယ်များ ပါဝင်သော တတိယအကြိမ် လေးပွင့်ဆိုင် အစည်းအဝေးကို ဖေဖော်ဝါရီ ၁၄ရက်တွင် ထပ်မံပြုလုပ်ခဲ့ပြီး ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အမြန်ရေးဆွဲပြီး ဖေဖော်ဝါရီ ၁၆ရက်တွင် လွွှှတ်တော်သို့ တင်သွင်းရန် သဘောတူခဲ့ကြသည်။

သို့ရာတွင် အဆိုပါပြန်လည်ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်အတည်ပြုပြီးချိန်တွင် ကျောင်းသား များ တောင်းဆိုချက်နှင့် မကိုက်ညီပါက တဖန်ပြန်လည် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထားဝယ်ကျောင်းသားခေါင်းဆောင် ကိုသူရနိုင်က ပြောသည်။

သူက “ကျွန်တော်တို့ ကြောက်လို့ မပာုတ်ဘူး၊ ကျွန်တော်တို့ လိုချင်တဲ့ ဥပဒေကို မလုပ်ပေးရင် ဒီထက်ပိုကြီးတဲ့ သပိတ်ကို ကျွန်တော်တို့ ဖန်တီးမယ်”ဟု ပြောသည်။

ယခုအခါ ကျောင်းသားသပိတ်စစ်ကြောင်းများ ရန်ကုန်သို့မဝင်ရန် အစိုးရဖိအားပေးခြင်းများနှင့် တိုက်ဆိုင်နေသော်လည်း ကျောင်းသားများအနေဖြင့် ဖိနှိပ်မှုများအား ကြောက်ရွံ့၍ သပိတ်ယာယီရပ်နားခဲ့ခြင်း မပာုတ်ကြောင်း သူက ဆက်ပြောသည်။

အစိုးရကလည်း ကျောင်းသားသပိတ်စစ်ကြောင်းများ ရန်ကုန်မြို့တွင်းသို့ ဝင်ရောက်ခဲ့ပါက ဥပဒေနှင့် အညီ ဆောင်ရွက်သွားမည်ဟု ကြေညာထားသည်။