လက်ဝါးကားတိုင် မြေနေရာကိစ္စ ပြည်နယ် ၀န်ကြီးအဖွဲ့နှင့် HCMF တွေ့ဆုံမှု ရေရာသည့် ရလဒ်မထွက်

လက်ဝါးကားတိုင် မြေနေရာကိစ္စ ပြည်နယ် ၀န်ကြီးအဖွဲ့နှင့် HCMF တွေ့ဆုံမှု ရေရာသည့် ရလဒ်မထွက်
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်ဝန်ကြီးအဖွဲ့နှင့် Hakha Christian Ministers Fellowship အဖွဲ့တို့ နှစ်ဦးနှစ်ဖက် အကြား ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၁၆)ရက်နေ့က ဒုတိယအကြိမ် တွေ့ဆုံမှုသည် ပြည်သူလူထု ကျေနပ်လောက် သည့် ရေရာသော ရလဒ် မထွက်ခဲ့ကြောင်း သိရှိရသည်။

တွေ့ဆုံမှုတွင် HCMF က တင်ပြဆွေးနွေးခဲ့ရာ ဆုတောင်းပြည့်ကားတိုင်နေရာအဖြစ် အစိုးရမှ ခွင့်ပြုထားသည့်  မြေနေရာ (၃) ဧကသည် အလွန်ကျဉ်းမြောင်းကြောင်း၊ မိမိတို့သည် အဆိုပါ မြေနေရာအား Rehabilitation, Recreation, Training Center များအတွက် မြေဧက(၄၀) လိုအပ်ကြောင်း၊ ယခင် တပ်မတော်အစိုးရလက်ထက်က ရုန်းတောင် အရှေ့ဖက်တွင် စိုက်ထူထားသည့် လက်ဝါးကားတိုင်ကို ဖျက်ဆီးပြီး ဗုဒ္ဒဘုန်းကြီးကျောင်းနှင့်စေတီ တည်ဆောက်စိုက်ထူခဲ့ကြောင်း ဖေဖေါ်ဝါရီလ ၁၈ရက်နေ့တွင်လည်း လက်ဝါးကားတိုင်နှင့် မနီးမဝေးတွင် အစိုးရမှ စေတီစိုက်ထူမည့် ကိစ္စအပေါ် ကန့်ကွက်ကြောင်း တင်ပြခဲ့ကြသည်။

hakhacross

HCMFမှ တင်ပြချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ်မှ ပြန်လည်တုံ့ပြန်သည်မှာ အဆိုပါမြေနေရာတွင် စေတီစိုက် ထူမှာ မဟုတ်ပဲ ဗုဒ္ဒဘုန်းကြီးကျောင်း တည်ဆောက်ရန်ရာထားကြောင်း၊ ထို့အပြင် ဟားခါးမြို့တော် လုံခြုံရေးအတွက် ပြည်သူ့ရဲ သင်တန်းကျောင်း ဖွင့်လှစ်ရန် ရာထားကြောင်း၊ HCMF တင်ပြချက်အပေါ် မြေ စာရင်းရုံး၊  အထွေထွေ အုပ်ချုပ်ရေးရုံးနှင့် တွေ့ဆုံညှိနှိုင်းပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် သွားမှာဖြစ်ကြောင်း The Chinland Post သတင်းမှာ ဖော်ပြ ထားသည်။

ဖေဖေါ်ဝါရီ ၁၆ရက်နေ့တွေ့ဆုံမှုတွင် ချင်းပြည်နယ်ဝန်ကြီးအဖွဲ့မှ ၀န်ကြီး ရှစ်ပါး၊ ပြည်နယ် ဥပဒေချုပ်၊ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ပြည်နယ် သာသနာရေးဦးစီးမှူးနှင့် HCMFမှ ၁၀ဦး ပါ၀င်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

နှစ်ဖက် တွေ့ဆုံမှု ရလဒ်နှင့် ပတ်သက်ပြီး ဟားခါးမြို့ပေါ် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ သိက္ခာတော်ရ ဆရာတော် အားလုံး ဖေဖေါ်ဝါရီ ၁၉ရက်နေ့တွင် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်မည်ဟု  သိရပြီး လူထုလိုချင်သည့် ရလဒ်ထွက်မလာပါက လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြမှုလည်း ဖြစ်ပွားလာနိုင်သည်ဟု ပြောဆိုမှုများရှိနေသည်။

Most read this week