ကရင်အဆိုတော် ထူးဝါးအသတ်ခံရမှုအပေါ် တရာခံကို ထောင်ဒဏ်နှစ ်(၂၀) ချမှတ်

ကရင်အဆိုတော် ထူးဝါးအသတ်ခံရမှုအပေါ် တရာခံကို ထောင်ဒဏ်နှစ ်(၂၀) ချမှတ်
by -
ကေအိုင်စီ

ကွယ်လွန်သွားသည့် ကရင်နာမည်ကျော်အဆိုတော် ထူးဝါးအား သတ်ဖြတ်သွားသည့် တရားခံဖြစ်သူ ထိုင်နိုင်ငံသား အဖိစေကျိုင်နွန်ကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်ထိုင်းတရားရုံးက ဖေဖော်ဝါရီ ၁၈ရက်နေ့တွင် ထောင်ဒဏ်အနှစ်(၂၀) စီရင်ချက် ချမှတ်လိုက်ကြောင်း သိရသည်။

ကရင်အဆိုတော် ထူးဝါးအမှုကို ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာ ၂ရက်နေ့နှင့် ၃ရက်နေ့များတွင် ပထမဆုံးအကြိမ်အဖြစ် စတင်ကြားနာခဲ့ပြီးနောက် နှစ်လကျော်အကြာ ယခုအကြိမ်တွင် ဒုတိယ အကြိမ်ကြားနာမှုအပြီး လူသတ်မှုဖြင့် ပြစ်မှုထင်ရှားသဖြင့် စီရင်ချက်ချလိုက်ခြင်းဖြစ်သည်။

Photo-Nined Blood FB

ယင်းစီရင်ချက်ချလိုက်သည့်အပေါ် စောထူးဝါးဇနီးဖြစ်သူ နန်းနိန်းသောင့်ဖောင်က “အစ်မတို့ကို ဘယ်အဖွဲ့ အစည်းကမှ ကူညီပေးတာမရှိဘူး၊ အမှုရင်ဆိုင်ဖို့က ပိုက်ဆံလည်း မရှိဘူး။ ရှေ့နေလည်း မငှားနိုင်ဘူး။ အမှုရင်ဆိုင်ရတဲ့အခါ အခက်အခဲတွေ အများကြီးရှိပေမယ့် ကိုယ့်အမျိုးသားကို သတ်သွားတဲ့သူကို အခုလိုအရေးယူနိုင်တာ အစ်မအနေနဲ့ ကျေနပ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထူးဝါးအသတ်ခံရမှုနှင့်ပတ်သက်၍ ထိုင်းအစိုးရ ရှေ့နေတစ်ဦးနှင့် ထိုင်းရဲ အရာရှိတစ်ဦးတို့က လိုက်ပါ ကူညီ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး တရားခံက အပြစ်ဝန်ခံမှုမပြုသော်လည်း မိမိတို့ဘက်မှ သက်သေ အထောက်အထား ခိုင်လုံမှုရှိသဖြင့် စီရင်ချက်ချ အရေးယူနိုင်ခြင်းဖြစ်ကြောင်း သူမက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ မတ်လ ၆ရက်နေ့တွင် လည်ပင်းကြိုးချည်ဒဏ်ရာ၊ ဓားဒဏ်ရာများဖြင့် မဲဆောက်မြို့အပြင် တစ်နေရာတွင် စောထူးဝါးသတ်ဖြတ်ခဲ့ရခြင်းဖြစ်ပြီး ထိုသို့ဖြစ်ပွားပြီးနောက် တရားခံမှာ ထွက်ပြေးတိမ်းရှောင် သွားခဲ့သော်လည်း ဧပြီလ ၁၇ရက်နေ့တွင် ထိုင်းရဲများက ပြန်လည်ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။

ယခုလို စီရင်ချက်ချမှတ်နိုင်ခဲ့သည့်အပေါ် ကရင်နာမည်ကြီး တေးရေး၊ တေးဆိုနှင့် သရုပ်ဆောင်တစ်ဦးဖြစ် သူ ကျော်လိုက်သိမ့်က “ထူးဝါးကွယ်လွန်သွားတော့ ကရင်အနုပညာလောကအတွက် အတိုင်​းထက်​အလွန်​​ ဆုံးရှုံးမှုတစ်ရပ်ပေါ့။ သတ်တဲ့သူက ဘယ်လိုရည်ရွယ်ချက်နဲ့ သတ်လဲမသိပေမယ့် အမှန်တရားကတော့ ပေါ် သွားပြီပေါ့။ ကျန်ခဲ့တဲ့မိသားစုတွေ ကလေးတွေရောပေါ့ အားမငယ်ပဲနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဘဝကို ဖြတ်သန်း သွားပါလို့ အားပေးချင်တယ်” ဟု ပြောဆိုသည်။

အဆိုတော် ထူးဝါးသည် ၂၀၀၂ခုနှစ်၌ ပထမဆုံး ကရင်သီချင်းအယ်လ်ဘမ်ခွေ စတင်ထွက်ရှိခဲ့ပြီးနောက် တစ်ကိုယ်တော်အယ်လ်ဘမ် ၃ခွေနှင့် အတွဲခွေ စုစုပေါင်း ၂၀ကျော်တွင် ပါ၀င်သီဆိုခဲ့ကာ ကရင်ပရိသတ်များ အကြားတွင် လူသိများသည့် ကရင်အဆိုတော်တစ်ဦးဖြစ်သည်။

ကရင်ပြည်နယ် ဖားအံမြို့နယ် ရသေ့ပျံရွာဇာတိဖြစ်သူ နာမည်အရင်း စောတင်ထွေးအေး(ခေါ်) အဆိုတော် ထူးဝါးသည် ကွယ်လွန်ချိန်တွင် အသက် ၃၁နှစ်ရှိပြီး ဇနီးနှင့်သားသမီး ၃ဦး ကျန်ရစ်ခဲ့သည်။

Most read this week