သမီးသေဆုံးမှု တိုင်ကြားသူ ဦးဘရန်ရှောင် အမှုရှုံးပြီး စီရင်ချက် ချခံရ

သမီးသေဆုံးမှု တိုင်ကြားသူ ဦးဘရန်ရှောင် အမှုရှုံးပြီး စီရင်ချက် ချခံရ
by -
ကေအဲန်ဂျီ

လွန်ခဲ့သည့် နှစ်နှစ်ကျော်က ကချင်ပြည်နယ် ဖားကန့်မြို့မှ ကိုးတန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးမှုကို တိုင်ကြားခဲ့သော ဖခင်ဦးဘရန်ရှောင် အမှုရှုံးနိမ့်ကာ၊ တရားရုံးက ဖေဖော်ဝါရီလ၁၃ရက်တွင် ထောင်ဒဏ် ၆လ သို့မဟုတ် ဒဏ်ငွေ ၅ သောင်း အမိန့်ချမှတ်လိုက်သည်ဟု ဦးဘရန်ရှောင်က ပြောသည်။

“သူတို့ အမှုနိုင်တယ်။ ကျနော်တို့က အမှုရှုံးတယ်ဆိုပြီး ချမှတ်လိုက်တာ။ ကျနော်တို့ကို အရင်ရုံးချိန်းမှာ လျှောက်လွဲချက်ပဲ တင်မယ်ဆိုပြီးပြောလို့ ကျနော်တို့လည်း လျှောက်လွဲချက်ပဲ တင်မယ်ထင်တာ။ အဲဒီနေ့ တနေကုန် ထိုင်စောင့်ခိုင်းပြီးတော့ ည ၃နာရီခွဲလောက်မှာခေါ်လို့ တရားခွင်မှာ ဦးဘရန်ရှောင် အမိန့်ချမယ်ဆိုပြီး အမိန့်ချလိုက်တယ်” ဟု ဦးဘရန်ရှောင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ရက်က ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်အုပ်စု(၁) ဆွမ်ငိုင်ယန်ကျေးရွာမှ အသက် ၁၄နှစ်အရွယ် မဂျာဆိုင်းအိန် သေဆုံးခဲ့ပြီးနောက် အောက်တိုဘာလ ၁ရက်တွင် ဖခင်ဦးဘရန်ရှောင်က အစိုးရစစ်တပ်၏ ပစ်ခတ်လိုက်သော ကျည်ဆံထိမှန်၍ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်ကို မမှန်မကန် တိုင်တန်းသည်ဟုဆိုကာ အစိုးရ၏စစ်တပ်မှ ဒုစစ်ဆင်ရေးမှူး ဗိုလ်မှူးဇာနည်မင်းပိုက်က ပုဒ်မ ၂၁၁ အသေရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ရာ ရုံးချိန်းပေါင်း ၅၅ကြိမ်မြောက်တွင် ဖားကန့်မြို့နယ်တရားရုံးမှ တရားသူကြီး ဦးထွန်းဦးက အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းမှာ တရားမျှတသော တရားစီရင်ခြင်း မဟုတ်သဖြင့် ကျေနပ်မှု မရှိသော်လည်း တရားသူကြီး ဦးထွန်းဦးအနေဖြင့် ခက်ခက်ခဲခဲ ဆုံးဖြတ်ပြီး အထက်အမိန့်အရ အမိန့်ချမှတ်ခြင်း ဖြစ်မည်ဟု သူက သုံးသပ် ပြောဆိုသည်။

ထောင်ဒဏ် ၆လ သို့မဟုတ် ဒဏ်ငွေ ၅ သောင်းထဲမှာ ငွေဒဏ်ကိုသာဆောင်ခဲ့ပြီး မကြာမီ တရားရုံးအဆင့်ဆင့် သို့ အမှု အယူခံဝင်မည်ဖြစ်ကြောင်း သူကပြောသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၈ရက်မှစတင်၍ အမှုကိုစတင် ရင်ဆိုင်ခဲ့ရာ တရားလို ဗိုလ်မှူးဇာနည်မင်းပိုက်က တရားရုံးသို့ ပထမဆုံး ရုံးချိန်းသို့ တက်ရောက်ခဲ့ရာ မဂျာဆိုင်းအိန် သေဆုံးမှုသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)၏မိုင်းဗုံးကြောင့် သေဆုံးခြင်းဖြစ်သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။

ထို့နောက် တရားရုံးက အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့သော်လည်း မတက်ရောက်ခဲ့ဘဲ တစ်နှစ်ကျော်ကြာပြီး ယခုနှစ် ဇန်နဝါရီလက ၅၀ ကြိမ်မြောက် ရုံးချိန်းတွင်သာ တရားလို ဒု-စစ်ဆင်ရေးမှူး ဇာနည်မင်းပိုက်က ဒုတိယအကြိမ် တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၃ရက်တွင် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဦးဘရန်ရှောင်သည် သမီးဖြစ်သူ သေဆုံးမှုအပေါ် မှန်ကန်စွာ ဖော်ထုတ်နိုင်ရန်အတွက် ကော်မရှင်တရပ် ဖွဲ့စည်း၍ ဖော်ထုတ်ပေးရန် ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆိုခဲ့ဖူးသည်။

Most read this week