“ရခိုင်ပြိုလျှင် ဗမာငိုရမည်” ဆိုင်းဘုတ်ကိုင်ပြီး ကျောက်ဖြူတွင် ဆန္ဒထုတ်ဖေါ်

“ရခိုင်ပြိုလျှင် ဗမာငိုရမည်” ဆိုင်းဘုတ်ကိုင်ပြီး ကျောက်ဖြူတွင် ဆန္ဒထုတ်ဖေါ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူတွင် ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် ရခိုင်အမျိုးသားပါတီက ဦးဆောင်ပြုလုပ်သော ၀ိှုက်ကတ်ကိုင်ဆောင်သူများ မဲထည့်ခွင့်ပယ်ဖျက်ရေး တောင်းဆိုဆန္ဒပြပွဲတွင် ဆန္ဒဖေါ်ထုတ်သူအချို့သည်  “ရခိုင်ပြိုလျှင် ဗမာငိုရမည်” ဟု စာသားပါသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။

အဆိုပါစာသား အဓိပ္ပါယ်နှင့် ပတ်သက်၍ ဆန္ဒပြရာတွင် ပါဝင်သူ တစ်ဦးက ယခုလိုပြောသည်။

Kyauk-Pru

“ဒီစာသားရဲ့ အဓိပ္ပါယ်က ဘာလဲဆိုတာကို ဘယ်သူမဆို ဖတ်ကြည့်ရင် နားလည်သဘောပေါက်နိုင်ပါတယ်။ ဒီထက် ပိုပြီးပြောစရာမလိုပါဘူး။ ပြောချင်တာကတော့ ရခိုင်ပြိုရင် ဗမာတွေလည်း ငိုရမယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

ကျောက်ဖြူမြို့ ဆန္ဒဖေါ်ထုတ်ပွဲကို နေ့လယ် ၁၂နာရီခွဲတွင် စတင်ခဲ့ပြီး လူပေါင်း တစ်ထောင်ကျော် ပူးပေါင်းပါ၀င်ခဲ့သည်။ ဆန္ဒဖေါ်ထုတ်သူများသည် ကျောက်ဖြူမြို့  ဘုရားကြီးတောင်ကွင်းမှ စတင်၍ မြို့တွင်း တစ်ပတ်လမ်းလျှောက်ပြီး နာရီစင်ကွင်းထိ ချီတက်ကာ ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။

ယင်းဆန္ဒဖော်ထုတ်ပွဲတွင် “ရခိုင်ပြိုလျှင် ဗမာငိုရမည်၊” ဆိုင်းဘုတ်ပိုစတာများ အပါအဝင် “ နိုင်ငံသားမဟုတ် သူများကို နိုင်ငံသား အခွင့်အရေးမပေးပါနှင့်၊ ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေကို တိတိကျကျ အမှန်အကန် အကောင်အထည်ဖော်ပါ၊ ၀ိှုက်ကဒ်ကိုင်ဆောင်သည့် နိုင်ငံသားမဟုတ်သူများကို မဲပေးခွင့်ပြုခြင်းသည် အခြေခံဥပဒေနှင့် ဆန့်ကျင်သည်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတစ်ဝန်းလုံး၌တည်သည်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးအနေဖြင့် မှန်မှန်ကန်ကန်ဆုံးဖြတ်ခြင်းဖြင့် သမိုင်းကိုရေးပါ၊ white card ကိစ္စ ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက်လက်မခံ”  စသည့် ပိုစတာများကို ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

17

ဆန္ဒဖေါ်ထုတ်ပွဲတွင် ကျောက်ဖြူမြို့နယ် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးရန်မျိုးအောင်နှင့် ပါတီ မြို့နယ်အထွေထွေ အတွင်းရေးမှူး ဦးဖိုးစံတို့က အသီးသီးဟောပြောခဲ့ကြသည်။

ဦးဖိုးစံက ဟောပြောရာတွင် “၀ိှုက်ကတ်ကိုင်သူများကို မဲထည့်ခွင့်ပြုရန် လွှတ်တော်က ဆုံးဖြတ်ခြင်းမှာ တိုင်းပြည်၏ အချုပ်အချာအာဏာကို ထိခိုက်နိုင်သဖြင့် ယခုလို ကန့်ကွက် ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ကြောင်း” ပြောဆိုသည်။

ဆန္ဒထုတ်ဖော်ပွဲ အခမ်းအနားအား ညနေ ၃နာရီတွင် ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

Most read this week