ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၅ရက်က ပြုလုပ်သည့် ကျောင်းသားသပိတ်များကို ထောက်ခံသည့် လူထုလှုပ်ရှားမှု ဆန္ဒပြပွဲတွင် တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)က ပူးပေါင်းပါဝင်ခဲ့သည်ဟု ကျောင်းသား သပိတ်များကို ထောက်ခံသည့် လူထုလှုပ်ရှားမှုနှိုးဆော်သူ ကိုဂျိမ်းစ်က မဇ္ဈိမကို ပြောသည်။
ကျောင်းသားသပိတ်များကို ထောက်ခံသည့် လူထုလှုပ်ရှားမှုတွင် UNAအပါအဝင် ကျောင်းသားများ၊ အရပ် ဘက်အဖွဲ့အစည်းများ၊ ကျောင်းသား မိဘများနှင့် ပြည်သူလူထု အင်အား ၁,ဝဝဝခန့် ပူးပေါင်းပါဝင်ခဲ့ကြသည်။
ကိုဂျိမ်းစ်က ''ကျောင်းသားတွေ သပိတ်မှောက်နေတယ်။ ရန်ကုန်ကို ဦးတည်ပြီး ချီတက်လာနေတယ်။ အဲ့ဒီ အချိန်မှာ ရန်ကုန်လူထုအနေနဲ့ အဆင့်သင့်ဖြစ်ဖို့လိုတယ်။ ပြီးတော့ လူထုက ထောက်ခံချင်တဲ့ စိတ်ရှိနေတာကို သိတယ်။ အဲ့ဒါကြောင့် ဒီလိုစီစဉ်ရတာပါ။ လူထုရဲ့ပူးပေါင်းပါဝင်မှုကို ဖော်ဆောင်တာပါ'' ဟု ပြောသည်။
ကျောင်းသားသပိတ် ထောက်ခံသည့် လူထုလှုပ်ရှားမှုသည့် ဖေဖော်ဝါရီ ၁၅ရက် မနက် ၁၁နာရီခန့်မှ စတင်၍ သမိုင်းမြို့နယ်မှ ထွက်ခွာလာပြီး စမ်းချောင်းကျွန်း တောလမ်းမှတစ်ဆင့် မြေနီကုန်းရှိ ပဒုမ္မာကွင်းတွင် အဆုံးသတ်ခြင်းဖြစ်သည်။
UNA အဖွဲ့ဝင် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က'' UNAနဲ့ မိတ်ဖက်အဖွဲ့တွေက ဒီနေ့(၁၅ရက်)ရန်ကုန်မှာလုပ်တဲ့ ကျောင်းသားသပိတ် ထောက်ခံတဲ့ပွဲမှာ ဝင်ရောက်ပူးပေါင်းတာပါ။ အားပေးတဲ့သဘောပါ။ သပိတ်တွေ အားလုံးထဲမှာ တောင်းဆိုတာကို လိုက်လျောတာ ဒီသပိတ်ပဲတွေ့ဖူးသေးပါတယ်။ ဒါဟာ ကျောင်းသားတွေရဲ့အောင်မြင်မှုပါ။ အခုအစိုးရနဲ့ ကျောင်းသားတွေကြားထဲက ကောင်းမွန်တဲ့အခြေအနေကို ဆက်ထိန်းထားဖို့လိုပါမယ်'' ဟုပြောသည်။
လူထုလှုပ်ရှားမှုတွင် ကျောင်းသားသပိတ်အောင်ရမည်၊ အမျိုးသားပညာရေးဥပဒေ အလိုမရှိ၊ ကျောင်းသား သပိတ် လွတ်လပ်စွာဖွဲ့စည်းခွင့် ရရှိရေးဟု ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြပြီး ယင်းအတွက် ခွင့်ပြုမိန့်တောင်းခံထားခြင်း မရှိဟုလည်း ကိုဂျိမ်းစ်က ပြောသည်။
ဒီမိုကရေစီ ပညာရေးဦးဆောင်ကော်မတီမှ မဖြိုးဖြိုးအောင်က ''ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်နှိမ်နင်းတာမျိုး မလုပ်ဖို့ ပြည်သူလူထု ဆန္ဒ၊ ကျောင်းသားထုရဲ့ဆန္ဒကို ဝိုင်းဝန်းတောင်းဆိုတဲ့ လူထုလှုပ်ရှားမှု သဏ္ဍာန်ပြုလုပ်တာဖြစ်ပါတယ်'' ဟု ပြောသည်။
လက်ရှိအချိန်တွင် သပိတ်စစ်ကြောင်းများသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဦးတည်ချီတက် လာပြီး ဆွေးနွေးပွဲရလဒ် မည်သို့ပင်ဖြစ်စေကာမူ ဆက်လက်ချီတက်မည်ဖြစ်သည်ဟု ဖေဖော်ဝါရီ ၁၃ရက် ရက်စွဲဖြင့် ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီက ထုတ်ပြန်ကြေညာထားပြီး အစိုးရကလည်း ကျောင်း သားနှင့် အစိုးရ ပါဝင်သည့် လေးပွင့်ဆိုင်တွေ့ဆုံပွဲတွင် ကျောင်းသားများ ဘက်က တောင်းဆိုချက် ၁၁ချက်လုံးကို လိုက်လျောပြီးဖြစ်သဖြင့် သပိတ်စစ်ကြောင်းကို ရန်ကုန်သို့ ချီတက်မလာရန်နှင့် သပိတ်စစ်ကြောင်းများ ရန်ကုန်သို့ ရောက်ရှိလာပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု ဖေဖော်ဝါ ရီ ၁၃ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ဒီမိုကရေစီပညာရေးဦးဆောင်ကော်မတီ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER၊ လွှတ်တော်ကိုယ်စားလှယ်နှင့် အစိုးရတို့ ပါဝင်သည့် လေးပွင့်ဆိုင်တွေ့ဆုံမှုကို ဖေဖော်ဝါရီ ၁၄ရက်က ပြုလုပ်ခဲ့သည်။
ကျောင်းသားများ တောင်းဆိုသည့် အချက် ၁၁ချက်ကို အခြေခံထားသည့် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ပြင်ဆင်ချက်မှုကြမ်းကို ဖေဖော်ဝါရီ ၁၆ရက်တွင် လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်သည်။