သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၏ စတုတ္ထအကြိမ်မြောက် ပါတီညီလာခံ ဖွင့်ပွဲသို့ သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က တက် ရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ကျားဖြူပါတီ၏ နှစ်ပတ်လည်ညီလာခံကို တောင်ကြီးမြို့၊ ဘုရားဖြူရပ်ရှိ ကိုးကန့်ခန်းမတွင် ဖေဖော်ဝါရီ (၁၅)ရက်နေ့မှစ၍ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ယင်းညီလာခံသို့ RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ဧည့်သည်တော်အနေနှင့် တက်ရောက်ခဲ့ပြီး မြို့နယ် ပေါင်း (၅၀)ကျော်မှ ကျားဖြူ ပါတီဝင် အင်အားတစ်ထောင်ကျော် တက်ရောက် ခဲ့ကြသည်။
“ညီလာခံကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ရွေးကောက်ပွဲကလည်း နီးလာပြီဆိုတော့ ရွေးကောက်ပွဲမှာ နိုင်အောင်ကြိုတင်ပြီး Plan ချတဲ့ သဘောပေါ့ ၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျနော်တို့ ကျားဖြူပါတီ အနေနဲ့ မြို့နယ်ပေါင်း (၆၃) မြို့နယ် ၀င်ပြိုင်မယ်၊ လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၂၀၀)ကျော်ဝင်ပြိုင်မယ်။ ၂၀၁၅မှာ ကျားဖြူပါတီက သျှမ်းပြည်နယ်မှာ အများစုအနိုင်ရရှိမယ်လို့ယုံကြည်တယ်” ဟုကျားဖြူပါတီ၏ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းမှ ညီလာခံကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောသည်။
လက်ရှိပြည်သူ့လွှတ်တော်အမတ်ပေါင်း (၁၂၆ )ဦးရှိပြီးပါတီဝင် အင်အားလေးသိန်းကျော်ရှိကြောင်းနှင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အနိုင်ရရှိပါက သျှမ်းပြည်နယ် တွင်ဖြစ်ပွားနေသော လယ်ယာမြေပြဿနာ အမြန်ဆုံးဖြေရှင်း ပေးသွားမည်ဖြစ်ကြောင်း ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ညီလာခံမိန့်ခွန်းတွင် ဆက်လက်ပြောဆိုသည်။
ဗိုလ်ချုပ်ကြီးယွက်စစ်မှလည်း ဖေဖော်ဝါရီ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့တွင် နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံသည့် ကိစ္စသည် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဆောင်သွားနိုင်ရန်အတွက်သာ လက်မှတ်ထိုး ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောပြခဲ့သည်။
“ဒီကိစ္စကို တစ်ချို့က နားလည်မှု လွဲနေတာတွေရှိတယ် ကျနော်တို့ခုလို လက်မှတ်ထိုးလိုက်တဲ့ကိစ္စဟာ သမ္မတ ဦးသိန်းစိန် ကို ဖြည့်ဆည်းပေးလိုက်တဲ့ သဘောမဟုတ်ဘူး။ ကျနော်တို့တွေဟာ နိုင်ငံရေး ဆွေးနွေးပွဲကြီးကို လုပ်ကြမယ်ဆိုတဲ့ အာမခံချက် အဆင့်တစ်ခုအနေနဲ့ပဲ ရှိပါသေးတယ် နောက်ထပ်အဆင့် နှစ်ဆင့် ကျန်ပါသေးတယ်” ဟု ယင်းညီလာခံတွင် ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ကျားဖြူပါတီ၏ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများ ဖတ်ကြားခဲ့သည်။ ကျားဖြူပါတီသည် ၂၀၁၀ တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပါတီများမှတ်ပုံတင်အမှတ် (၁၅)ဖြင့် ဖွဲ့စည်းခဲ့သည်မှာ လေးနှစ်ကျော်ကာလ ကြာမြင့်ခဲ့ပြီးဖြစ်သည်။