ငြိမ်းချမ်းရေးအတွက် မြန်ဆန်စွာ အရှိန်မြှင့် ဆောင်ရွက်မည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

ငြိမ်းချမ်းရေးအတွက် မြန်ဆန်စွာ အရှိန်မြှင့် ဆောင်ရွက်မည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော
by -
မဇ္စျိမ

တပ်မတော်အနေဖြင့်  ငြိမ်းချမ်းမှု တည်ဆောက်ရန် အမှန်တကယ် ဆန္ဒရှိသော မည်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးရရှိအောင် တတ်နိုင်သမျှ မြန်ဆန် စွာ အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် တွေ့ဆုံစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့သည်ဟု စာနယ်ဇင်းကောင်စီက ဖေဖော်ဝါရီ ၁၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)နှင့် ဖေဖော်ဝါရီ ၁၄ ရက်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်ရှိ ဘုရင့်နောင် ဧည့်ရိပ်သာ၌ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

General-Mim-Aung-Hlaing-2

တွေ့ဆုံ ဆွေးနွေးမှုနှင့် ပတ်သက်ပြီး မြန်မာ စာနယ်ဇင်း ကောင်စီ (ယာယီ)မှ အထွေထွေ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ''တပ်မတော်ကလည်း မီဒီယာနဲ့ စကားပြောလာတယ်။ အရင်ကထက် ပွင့်လင်းမြင်သာမှု တဖြေးဖြေးရှိလာတယ်လို့ မြင်ရတယ်'' ဟု ပြောသည်။

လက်ရှိအချိန်တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA)ကို လက်မှတ်ရေးထိုးနိုင်ရန် ဆောင် ရွက်နေပြီး ဖေဖော်ဝါရီ ၁၂ရက်တွင် လက်မှတ်ရေးထိုးရန် ရည်ရွယ်ခဲ့သော်လည်း လက်မှတ်မရေးထိုးဖြစ်ခဲ့ပေ။ သို့သော် ဖေဖော်ဝါရီ ၁၂ရက်တွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် လက်မှတ်ရေးထိုးပွဲကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန် ဗန်းရှင်းဗဟိုဌာနတွင် ပြုလုပ်ခဲ့ပြီး ကရင် အမျိုးသား အစည်းအရုံး (ကေအင်န်ယူ)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင် အမျိုးသား အစည်းအရုံး/ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်/ ငြိမ်းချမ်းရေး ကောင်စီ (KNU, KNLA-PC) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)   အဖွဲ့ လေးဖွဲ့က လက်မှတ်ရေးထိုးခဲ့သည်။

ယင်းအပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် စာနယ်ဇင်းကောင်စီ (ယာယီ) တွေ့ဆုံရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသအတွင်း တပ်မတော်နှင့် ဖုန်ကျားရှင် ခေါင်းဆောင်သော ကိုးကန့်လက်နက်ကိုင်အဖွဲ့အကြား လတ်တလော တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍လည်း ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေးခဲ့ပြီး  လက်ရှိတိုက်ပွဲအနိုင်ရရှိရန် အစွမ်းကုန် ကြိုးစားသွားမည်ဟု လည်း ပြောကြားခဲ့သည်။

ယင်းအပြင် တွေ့ဆုံဆွေးနွေးပွဲတွင် တပ်မတော်နှင့် ပတ်သက်သော သတင်းထုတ်ပြန်မှုများ ယခုထက်ပို မြန်ဆန်လာစေရေးနှင့် တပ်မတော်နှင့် သတင်းမီဒီယာများအကြား သတင်းထုတ်ပြန်ရေး ဆိုင်ရာ ဆွေးနွေးညှိနှိုင်းပွဲများ တိုးမြှင့်ဆောင်ရွက်သွားရေး၊ တပ်မတော်နှင့်ပတ်သက်သည့် အသုံးအနှုန်းများ မှန်ကန်မှုရှိစေရေးနှင့် တပ်မတော်နှင့် မီဒီယာအကြား ဒုတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲကို မကြာခင် ထပ်မံကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ဖေဖော်ဝါရီ ၁၄ရက်က တတိယအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။

Most read this week