မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် မျက်စိရောဂါအားလုံး၏ ၉၀ရာခိုင်နှုန်းကို ပြည်တွင်းတွင်သာ ကုသနိုင်ပြီဟု မြန်မာနိုင်ငံ ဆရာဝန်များအသင်း ရန်ကုန်ဆေးရုံကြီး မျက်စိရောဂါအထူးကု ပါမောက္ခ ဦတင်ဝင်းက ပြောသည်။
ဖေဖော်ဝါရီ ၁၂ ရက်နှင့် ၁၃ ရက် အထက်ပန်းဆိုးတမ်းလမ်းမကြီးရှိ မြန်မာနိုင်ငံ ဆရာဝန်များအသင်း ရုံးတွင် ပြုလုပ်သည့် အစ္စရေး-မြန်မာ အမြင်အာရုံပညာဆိုင်ရာ ညီလာခံတွင် မဇ္စျိမကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။
၎င်းက "နိုင်ငံတစ်ကာ အသင်းတွေနဲ့ မျက်စိပညာဆိုင်ရာ ခွဲစိတ်မှုတွေလုပ်တာက အရေအတွက်ထက် နည်းပညာကို ရအောင်ယူတာပါ။ အဲဒီအတွက် မျက်စိရောဂါကို ပြည်တွင်းမှာတင် ၉၀ရာခိုင်နှုန်းလောက် ကုနိုင်ပြီ၊ ကျန်တာက ဓါတ်ခွဲခန်းပစ္စည်း ဝယ်ယူရခက်တာတွေကြောင့်ပဲ ရှိတယ်" ဟု ဆိုသည်။
မျက်ကြည်လွှာ၊ ရေတိမ်၊ အာရုံလွှာ၊ ပလက်စတစ်အစားထိုး၊ ကလေးသူငယ် မျက်စိအားနည်းခြင်း၊ ဦးနှောက်အာရုံကြော ဆိုင်ရာ မျက်စိရောဂါ စသည့် မျက်စိရောဂါ ၆မျိုးအထိရှိပြီး ယင်းတို့အားလုံးတွင် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ မျက်စိရောဂါအတွက် ဓါတ်ခွဲခန်းပစ္စည်း ရရှိမှု ခက်ခဲနေသေးသည် ဟု ပြောသည်။
မြန်မာနိုင်ငံတွင်း မျက်စိရောဂါ ၆မျိုးမှ အတွင်းတိမ်မှာ အများဆုံးအဖြစ်များပြီး ရေတိမ်မှာ ဒုတိယ အများဆုံးအဖြစ်များသည့် မျက်စိရောဂါ ဖြစ်သည်။
ဦးတင်ဝင်းက "ထိုင်းနိုင်ငံက မလုပ်နိုင်သေးတဲ့ မျက်ကြည်လွှာခွဲစိတ်မှု အမျိုးစားတစ်ခုကို ကျွန်တော်တို့လုပ်နိုင်ပြီ အဲဒါကိုလည်း ဒီတစ်ခါ ထိုင်းအဖွဲ့လာရင် ဖလှယ်ပြဖို့ သူတို့ဖက်က တောင်းဆိုထားတယ်၊ အဲဒါကို လုပ်မယ်" ဟု ဆိုသည်။
မြန်မာနိုင်ငံတွင်း မျက်စိရောဂါသည်များအတွက် နည်းပညာ ၏အထောက်အကူများ ရရှိနိုင်ရေးအတွက် သြစတေးလျ၊ အမေရိကန်၊ နယ်သာလန်၊ အစ္စရေး၊ ဟောင်ကောင်၊ ထိုင်း၊ နော်ဝေး စသည့် ဆေးပညာ အဖွဲ့အစည်းများနှင့် နည်းပညာပူးပေါင်းရယူကာ မျက်စိရောဂါကုသမှု တိုးမြင့်နိုင်ရေးကို ဆောင်ရွက်နေသည်။
မြန်မာနိုင်ငံတွင် မျက်စိရောဂါ ကုသသည့် ဆရာဝန်ပေါင်း ၄၀၀ကျော်ရှိပြီး ရန်ကုန်ဆေးရုံကြီးတွင်လည်း မျက်စိရောဂါ အထူးကုသဆောင် တစ်ရပ်ကို ထပ်မံတိုးချဲ့ပေးရန် ကျန်းမာရေးဝန်ကြီးဌာနက ဆောင် ရွက်ပေးနေသည်ဟု မြန်မာနိုင်ငံ ဆရာဝန်များအသင်း၏ စာရင်းများ သိရသည်။