မြန်မာနိုင်ငံ သတင်းစာလွတ်လပ်ခွင့် နိုင်ငံ ၁၈၀ ၌ အဆင့် ၁၄၄ (အနီရောင် အဆင့်) တွင်သာရှိနေသေး

မြန်မာနိုင်ငံ သတင်းစာလွတ်လပ်ခွင့် နိုင်ငံ ၁၈၀ ၌ အဆင့် ၁၄၄ (အနီရောင် အဆင့်) တွင်သာရှိနေသေး
by -
မဇ္စျိမ

 မြန်မာနိုင်ငံ၏ သတင်းစာလွတ်လပ်ခွင့်မှာ နိုင်ငံပေါင်း ၁၈ဝတွင်  အဆင့် ၁၄၄ (အနီရောင် အဆင့်) တွင်သာ ရှိနေသေးကြောင်း နယ်စည်းမခြား သတင်းစာဆရာများအဖွဲ့၏ ၂ဝ၁၄ခုနှစ် သတင်းစာလွတ်လပ်ခွင့် အဆင့် သတ်မှတ်ချက် ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံက အဆင့် ၁၄၄တွင်ပါရှိသော်လည်း အဆိုးဆုံးအဆင့်၏ အပေါ်အဆင့်ဖြစ်သည့် အနီရောင် အခြေအနေတွင်ရှိနေသည်။ သတင်းစာလွတ်လပ်ခွင့် အရှိဆုံးနိုင်ငံများကို အဖြူရောင်၊ ယင်းနောက် အဆင့်ကို အဝါရောင်နှင့် စိုးရိမ်မှုရှိသည့် အခြေအနေကို အနီရောင်နှင့် အဆိုးဆုံးအခြေအနေကို အမဲရောင်အဖြစ် သတ်မှတ် ထားသည်။

Myanmar-Red

''မြန်မာနိုင်ငံက  အခုအတောအတွင်း အဲ့ဒီအတိုင်းပဲ ဆက်ရှိနေနိုင်တယ်။ ကျွန်တော့် အထင် ၂ဝ၂ဝနောက်ပိုင်းမှ သိသိ သာသာ တိုးတက်လာနိုင်မယ်။ အာဏာသုံးရပ်က မီဒီယာကို အမြင်မကြည်ဘူး။ ဗဟိုချုပ်ကိုင်မှုအဆင့်က အသားကျနေတော့ လွတ်လပ်မှုကို မယဉ်ပါးဘူး'' ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေက သုံးသပ်သည်။

မြန်မာအစိုးရ၏ ဗဟိုချုပ်ကိုင်မှုနှင့် အသားကျနေသည့် ပုံစံကိုပြောင်းလဲရန် အချိန်ယူရ မည်ဖြစ် သကဲ့သို့ သတင်း သမားများဘက်ကလည်း အစိုးရက ထင်မြင်နေသည့် ဘတ်လိုက်သည့်သတင်းသမားများ မဟုတ်ကြောင်းပြ သရန် လိုအပ်သည်ဟု ၄င်းကပြောသည်။

အာဆီယံဒေသတွင်းနိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ထိုင်း၊ အင်ဒို၊ ကမ္ဘောဒီယားနှင့် ဖိလစ်ပိုင်တို့က မြန်မာ အပေါ်တွင် ရပ်တည်နေပြီး၊ မလေးရှား၊ စင်ကာပူနှင့် လာအိုတို့က မြန်မာအောက်တွင် ပါရှိကာ ဗီယက်နမ်က မြောက်ကိုရီးယား ပါဝင်သည့် အနက်ရောင် စာရင်းတွင် ပါရှိနေသည်။

ယင်းထုတ်ပြန်ချက်ကို ၂ဝ၁၅ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံအတွင်း သတင်း လွတ်လပ်စွာရယူခွင့်၊ သတင်းအခြေခံ ပညာဆိုင်ရာ ဖွ့ံဖြိုးတိုးတက်မှု၊ သတင်းထောက် များလုံခြံုမှု၊ သတင်းမီဒီယာများ အပေါ် လေးစားမှု၊ စသည့်အချက်များနှင့် စံနှုန်းထား တိုင်းတာခြင်းဖြစ်သည်။

၂ဝ၁၅ ခုနှစ် ၊ဖေဖော်ဝါရီ ၁၃ရက်တွင် ထုတ်ပြန်သည့် သတင်းစာလွတ်လပ်ခွင့်တွင် အကောင်းဆုံး၌ ဖင်လန်က ထိပ်ဆုံး တွင် ရပ်တည်နေပြီး ယင်းနောက်တွင် နော်ဝေက ရပ်တည်နေသည်။ အဆိုးဆုံးအခြေနေတွင် တာ့ခ်မန်နစ္စတန် ၊မြောက်ကိုရီးယားနှင့် အီရစ်ထရီးယားတို့က ရပ်တည်နေသည်။

Most read this week