လောက်ကိုင်တွင် အစိုးရတပ်က လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်ဟုဆို

လောက်ကိုင်တွင် အစိုးရတပ်က လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်ဟုဆို
by -
မဇ္စျိမ

ချင်းမိုင်(မဇ္စျိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ အနောက်မြောက်ဘက် ရန်လုံကြိုက်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တပ်ဖွဲ့များရှိရာသို့  ဖေဖော်ဝါရီလ ၁၃ရက် မွန်းလွဲပိုင်းက အစိုးရ စစ်တပ်က ထပ်မံ တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သည်ဟု MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောသည်။

“တိုက်လေယာဉ်နဲ့ ဗုံးကျဲတယ်။ စက်သေနတ်နဲ့ ပစ်တယ်။ ၄ စီးလာတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

လောက်ကိုင်မြို့နယ် ရန်လုံကျိုင်းတွင် MNDAA စစ်ကြောင်းနှင့် အစိုးရ၏ ကိုးကန့်နယ်ခြားစောင့်တပ် ၁၀၀၆တပ်ဖွဲ့များတို့ ထိပ်တိုက်တွေ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ MNDAAဘက်မှ ၂ဦး ကျဆုံးခဲ့သည်ဟု သူက ဆိုသည်။

“၁၂ရက် ညပိုင်း ၁၁ခွဲလောက်မှာ ကျွန်တော်တို့ oparetion(စစ်ဆင်ရေး) ထွက်တဲ့အချိန်မှာ BGF(နယ်ခြားစောင့်တပ်) နဲ့သွားတိုးတယ်။ ကျွန်တော်တို့က ကိုးကန့်အချင်းချင်းဆိုရင် မတိုက်ပါဘူး။ သူတို့လည်း ကျွန်တော်တို့ကို အနှောက်အယှက် မပေးပါနဲ့ဆိုတာကို ကျွန်တော်တို့ စစ်ကြောင်းကို သူတို့(BGF)က လှမ်းပစ်တယ်။ လှမ်းပစ်တော့ ကျွန်တော်တို့ဘက်က နှစ်ယောက်ကျသွားတယ်။ အဲ့တော့ ကျွန်တော်တို့ လည်း ပြန်ပစ်လိုက်ရတယ်”ဟု ဦးထွန်းမြတ်လင်းက ပြောသည်။

လက်ရှိ အစိုးရစစ်တပ်ဘက်မှ လောက်ကိုင်မြို့တွင် လုံခြုရေးတိုးမြင့်ချထားသလို၊ လက်နက်များ ဖြည့်တင်း ထားသဖြင့် တိုက်ပွဲများ ဆက််လက်ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေသည်ဟု သူက “သူတို့လှုပ်ရှားမှုအပေါ် ကြည့်ရင်တော့ တိုက်ပွဲ ဆက်ဖြစ်မဲ့ ရှိမှာပါ။ သူတို့က သံချပ်ကာ ကားတွေ၊ တင့်ကား တွေတောင် ရောက်နေပြီ ပဲ။ တင့်ကားက  ၅ စီး၊ သံချပ်ကာ ကားက ၈ စီးလားမသိ ရောက်နေပြီလို့ သိရတယ်” ဟု ပြောသည်။

လောက်ကိုင်နယ်မြေ ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တိမ်းရှောင်အဖွဲ့နှင့် ဖေဖော်ဝါရီလ ၉ရက်၊ ၁၀ရက် နှင့် ၁၁ ရက်အထိ တိုက်ပွဲပေါင်း ၁၃ကြိမ် ဖြစ်ပွားခဲ့ပြီး လေကြောင်း ပစ်ကူ ၅ကြိမ် ဆောင်ရွက် ခဲ့ကြောင်း တိုက်ပွဲအတွင်း တပ်မတော်မှ အရာရှိ ၅ဦး၊ စစ်သည့် ၄၂ဦး စုစုပေါင်း ၄၇ဦး သေဆုံးခဲ့ပြီး အရာရှိ ၁၁ဦး စစ်သည့် ၆၂ဦး ရ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု အစိုးရက ဖေဖော်ဝါရီလ ၁၂ရက်က ထုတ်ပြန်ထားသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် ဖေဖော်ဝါရီလ ၁၂ရက်မှ စတင်၍ ညမထွက်ရ ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ထားပြီး တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၁၀၀၀၀ခန့် ထွက်ပြေးတိမ်းရှောင်နေရ ဆဲ ဖြစ်သည်ဟု လောက်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်က ပြောသည်။

လောက်ကိုင်မြို့တွင် ည ၁၀နာရီမှ နံနက် ၆နာရီထိ ညမထွက်ရ အမိန့်ထုတ်ထားခြင်း ဖြစ်ပြီး လက်ရှိ လောက်ကိုင်၊ တာရွှေရှန်း စသည့်ဒေသအနီးတဝိုက်ရှိ ကျေးရွာသားများက တရုတ်နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်ဟု သူက မဇ္စျိမကို ပြောသည်။

“မနေ့(ဖေဖေါ်ဝါရီ ၁၃)ညကနေ ညမထွက်ရ အမိန့်ထုတ်ထားတာ။ ညမထွက်ရအမိန့်ထုတ်တာက ကောင်း တယ်။ ဒါလိုအပ်တယ်။ အစိုးရစစ်တပ်က လုံခြံုရေးအကုန် ချထားပြီ။ အခုလောလောဆယ်တော့ သေနတ်သံ မကြားဘူး။ ဒုက္ခသည် အားလုံးက ၁၀၀၀၀ကျော်မယ် ထင်တယ်။ တရုတ်ဘက်ခြမ်းတော်တော်များတယ်။ အခုက ကိုယ့်ဟာကို ပြန်လာပြီး အခြေအနေ ကြည့်နေကြတယ်”ဟု ဦးကျော်နီနိုင်က ပြောသည်။

ဖေဖော်ဝါရီလ ၉ရက်မှ ၁၁ရက်ထိ မြန်မာအစိုးရ စစ်တပ်နှင့် MNDAA အပါအဝင် တပ်ပေါင်းစုတပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် တရုတ်နိုင်ငံ နမ်ဆန့်မြို့သို့ ထွက်ပြေး တိမ်းရှောင်သွားသော စစ်ပြေးဒုက္ခသည်များကို တရုတ်အစိုးရက ထောက်ပံ့နေပြီး တရုတ်နယ်စပ် ၁၂၅စက်မှုဇုံသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ဒုက္ခသည်များအတွက် အစိုးရက ထောက်ပံ့ပေးနေသည်ဟု ဦးကျော်နီနိုင်က ပြောသည်။ စစ်ပြေးဒုက္ခသည် လူဦးရေ အတိအကျကို မသိရသေးကြောင်း သူက ပြောသည်။

တချို့ စစ်ပြေးဒုက္ခသည်များသည် နေ့လည်ပိုင်းတွင် မိမိတို့ နေအိမ်သို့ ပြန်လာ၍ ပစ္စည်းများလာယူကြသော် လည်း တိုက်ပွဲ အခြေအနေကို စောင့်ကြည့်နေသဖြင့် မိမိနေအိမ်များသို့ ပြန်လာခြင်း မရှိသေးကြောင်း သူက ပြောသည်။ တိုက်ပွဲကြောင့် လောက်ကိုင်ရှိ စာသင်ကျောင်းနှင့် စျေးများ ပိတ်ထားရဆဲ ဖြစ်သည်ဟု သိရသည်။

လောက်ကိုင်ဒေသ တိုက်ပွဲတွင် MNDAA ခေါ် ကိုးကန့်တပ်ဖွဲနှင့်အတူ မဟာမိတ်တပ်များဖြစ်သော တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA နှင့် ရခိုင်တပ်မတော် AA တို့ ပူးပေါင်းတပ်များလည်း ပါဝင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။