ဝှိုက်ကတ်ကိုင်သူများအား မဲပေးခွင့်ပြုခြင်းအပေါ် ရခိုင်တစ်ပြည်လုံး ကန့်ကွက်ဆန္ဒပြ၊

ဝှိုက်ကတ်ကိုင်သူများအား မဲပေးခွင့်ပြုခြင်းအပေါ် ရခိုင်တစ်ပြည်လုံး ကန့်ကွက်ဆန္ဒပြ၊
by -
နိရဥ္စရာ

ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်)ကိုင်ဆောင်သူများအား ပြည်ထောင်စုလွှတ်တော်က မဲပေးခွင့် ပြုလိုက်ခြင်းမှာ နိုင်ငံ၏ အချုပ်အခြာအာဏာကို လုံးဝထိခိုက်နိုင်သည်ဟုဆို ကာ ဒေသအာဏာပိုင်များ၏ တရားဝင်ခွင့်ပြုချက်များဖြင့် ဖေဖေါ်ဝါရီလ၁၅ရက်၊ နေ့လယ်၁နာရီ်အချိန်မှ စတင်ကာ ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ယခုကဲ့သို့ ဝှိုက်ကတ်ကို မဲပေးခွင့်ပေးလိုက်ခြင်းကို ကန့်ကွက်ဆန္ဒပြမှုနှင့်ပတ်သက်၍  စစ်တွေမြို့တွင်ပြုလုပ်သော ဆန္ဒပြပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က “ဝှိုက်ကတ်ဆိုတာက ကျွန််တော်တို့ ရခိုင်တစ်မျိုးသားလုံးမဟုတ်ဘူး၊ မြန်မာတစ်နိုင်ငံလုံုးရဲ့ အချုပ်အခြာ အာဏာကိုပါ ထိခိုက်နိုင်တဲ့ အပိုင်းကဏ္ဍ၊ ဘာဖြစ်လို့လဲဆိုတော့ ဝှိုက်ကတ်ဆိုတာက နိုင်ငံခြားသားဆိုတဲ့ လူတွေကို၊ ဒီနိုင်ငံသားမဟုတ်တဲ့သူတွေကို လောလောဆယ် ဒီနိုင်ငံမှာနေထိုင်တယ်လို့သာ အသိအမှတ်ပြုထားတဲ့ ကတ်တစ်ခုပဲဖြစ်တယ်၊ နိုင်ငံခြားသားတွေကို အဲ့လိုပုံစံမျိုး မဲပေးခွင့်သာပေးလိုက်မယ်ဆိုရင် ဒီနိုင်ငံရဲ့ အချုပ်အခြာ အာဏာဟာ လုံးဝကျဆုံးသွားနိုင်တဲ့အတိုင်းအတာရှိတယ်”ဟု နိရဥ္စရာသို့ပြောသည်။

White-card-vote-disagree-My

မြို့နယ်တွင်းရှိ ကျေးရွာများပါမကျန် လူပေါင်းသောင်းချီပါဝင်သော စစ်တွေတွင်ပြုလုပ်သည့် ဆန္ဒပြပွဲကြီးကို မွန်းလွဲ ၁ နာရီအချိန်တွင် မြို့ပေါ်ရှိ ဝင်္ကပါကွင်းမှစတင်ကာ ကျောင်းတက်လမ်း၊ မင်းဘာကြီးလမ်းနှင့် ကုန်သည်လမ်းတို့မှတဆင့် လမ်းမကြီးအတိုင်း ချီတက်ကာ ယင်းမှ သင်္ဘောဆိပ်နှင့် အုန်းတပင်ရပ်ကွက်လမ်းအတိုင်း ချီတက်ပြီး ဝင်္ကပါကွင်းတွင် ပြန်လည်လူစု၍ လူထုဟောပြောပွဲကို ဆက်တိုက်ပြုလုပ်ခဲ့သည်။

“ရခိုင်ပြည်အနာဂတ်မှာ ဒီဘင်္ဂါလီတွေ နိုင်ငံရေးထဲမှာ ထဲထဲဝင်ဝင်ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ရခိုင်ပြည် အနာဂတ်အတွက် အခြေအနေမကောင်းဘူး။ ကျွန်တော်တို့ရခိုင်လူမျိုးတွေအတွက် စိန်ခေါ်မှုတစ်ခုလို့ ယူဆတဲ့အတွက် ဒီဆန္ဒပြပွဲကို ကျွန်တော်ပဲ ဦးဆောင်ပြီးဆန္ဒပြတာပါ”ဟု ရမ်းဗြဲမြို့ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်သူ ဦးထွန်းထွန်းဦးက နိရဥ္စရာသို့ပြောသည်။

ဝှိုက်ကတ်ကိုင်ဆောင်သူများအား ဆန္ဒမဲပေးခြင်းကိုပယ်ဖျက်ပေးရန် တောင်းဆိုဆန္ဒပြပွဲများကို ဖေဖေါ်ဝါရီ ၁၅ရက်နေ့တွင် စစ်တွေအပါအဝင် ရခိုင်ပြည်နယ်မြို့တိုင်းတွင် တပြိုင်တည်းပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ဆန္ဒပြပွဲများတွင်လည်း လူပေါင်း ထောင်ချီပါဝင်ခဲ့သည်ဟု မြို့ခံများက ဆိုသည်။

ယခုကဲ့သို့ဆန္ဒပြရာတွင် “ဝှိုက်ကတ်ကိစ္စ ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်ချက် လက်မခံ”၊ “နိုင်ငံခြားသား မဲပေးခွင့်မရရေး ဒို့အရေး”၊ “White Card”ကိုင်သူ မဲပေးခွင့် ကမ္ဘာမှာမရှိ”၊ “လွှတ်တော်ထဲက ဘင်္ဂါလီ အမြန်ထုတ်ပေး”၊ “White Card မဲပေးခွင့်လက်ခံသူ ဒို့ရန်သူ”၊ “ဖွဲ့စည်းပုံခုံရုံး ဆုံးဖြတ်ချက် တရားမျှတမှုရှိပါစေ” ဟူသည့် စာသားများပါသည့် ဆိုင်းဘုတ်များကို မြို့တိုင်းရှိ ဆန္ဒပြလူထုများကကိုင်ဆောင်ကာ ယင်းစာသားများအတိုင်း ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

“ဒီဝှိုက်ကတ်ကိုင်သူတွေကို မဲပေးခွင့်ပေးမယ်ဆိုရင်တော့ ကျွန်မတို့ ရခိုင်ပြည်သူတွေရဲ့စိတ်ခံစားချက်က အလွန်တရာမှ ဝမ်းနည်းစရာ ကောင်းသွားပါပြီ။ သူတို့ကို မဲပေးပိုင်ခွင့်ပေးမယ်ဆိုရင် ကျွန်မတို့လူမျိုးတွေ နစ်နာရုံသာမက မြန်မာတစ်နိုင်ငံလုံး နစ်နာတယ်လို့ ထင်လို့ အခုလိုဆန္ဒလာပြရတာဖြစ်ပါတယ်”ဟု စစ်တွေမြို့တွင် ပြုလုပ်ခဲ့သော ဆန္ဒပြရာတွင်ပါဝင်ခဲ့သူ အသက် ၂ဝ ကျော်အရွယ်ခန့်ရှိ စစ်တွေမြို့ခံ မတင်က ပြောကြားခဲ့သည်။

နိုင်ငံတွင်းရှိ ဝှိုက်ကတ်ဟုခေါ်သည့် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများကို ယခုနှစ်အတွင်းပြုလုပ်မည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်မည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသည်ဟု ယခုလ ၂ရက်နေ့က ပြည်ထောင်စုလွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့သည်။

ဝေဖန်မှုများထွက်ပေါ်ခဲ့သည့် အဆိုပါဆုံးဖြတ်ချက်ကို တရားမျှမှုရှိအောင် ပြန်လည်စိစစ်သုံးသပ်ပေးရန် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ခေါင်းဆောင်၍ လွှတ်တော်ကိုယ်စားလှယ် ၂ဝကျော်လက်မှတ် ရေးထိုးကာ ဖွဲ့စည်းပုံခုံရုံးသို့ လွှတ်တော်မှတဆင့် တင်ပြထားပြီးဖြစ်သည်။

ယင်းသို့တင်ပြချက်အပေါ် ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်လာမည့်အဆုံးအဖြတ်သည် တရားမျှတမှု ရှိ/မရှိဆိုသည်ကို စောင့်ကြည့်နေဦးမည်ဖြစ်ပြီး ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့် မရရှိရေးဟူသည့် ရခိုင်ပြည်သူတို့ လိုလားသည့်အရာကို သက်ဆိုင်ရာက ထုတ်ပြန်မပေးပါက ထုတ်ပြန်ပေးသည်အထိ ဆက်လက်တိုက်ပွဲဝင် ဆန္ဒပြတောင်းဆိုသွားဦးမည်ဟုလည်း ဆန္ဒပြရာတွင်ဦးဆောင်ပါဝင်ခဲ့သည့် ရခိုင်အမျိုးသားပါတီမှ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောသည်။

ရခိုင်လူထုအင်အားများဖြင့် ပြည်လုံးကျွတ်ပြုလုပ်သော ဖေဖေါ်ဝါရီ ၁၅ရက်နေ့ ဆန္ဒပြပွဲများကို မြို့တိုင်းတွင် ညနေ ၃ နာရီအချိန်၌ အောင်မြင်စွာရုပ်သိမ်းနိုင်ခဲ့ကြောင်းလည်း သိရသည်။

Most read this week