ရခိုင်ပြည်နယ်အစိုးရမှ ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀၀) ပြည့်မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့ကျင်းပ

ရခိုင်ပြည်နယ်အစိုးရမှ ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀၀) ပြည့်မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့ကျင်းပ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အစိုးရမှ ကြီးမှူးပြီး ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀၀) ပြည့်မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့ ကို စစ်တွေမြို့ ဆရာတော်ဦးဥတ္တမခန်းမတွင် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့်မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့ကို ကျင်းပရခြင်း ရည်ရွယ်ချက်မှာ ကလေးသူငယ်များ စိတ်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံချစ်စိတ်၊ အနစ်နာခံစိတ်တို့ ကိန်းအောင်း လာစေရန် ဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမောင်မောင်အုန်းက ယင်းအခမ်းအနားတွင် ပြောသည်။

DSC03097

“လူငယ်လူရွယ်တွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံအပေါ် ချစ်မြတ်နိုးစိတ်၊ အနစ်နာခံစိတ်၊ အမြော်အမြင်ကြီးမှုနဲ့ အမျိုးသားရေးစိတ်ဓာတ်တွေ ကိန်းအောင်းလာစေဖို့အတွက် ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့နဲ့ ပေါင်းစပ်ပြီး ကျင်းပရခြင်းဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ကလေးများနေ့အဖြစ် ကျင်းပလာခဲ့သည်မှာ လူမှုဝန်ထမ်း ဦးစီးဌာန မှတ်တမ်းအရဆိုလျှင် ၁၉၅၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က စတင်ကျင်းပခဲ့ပြီး၊ ၁၉၈၈ ခုနှစ်အထိ ကျင်းပခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်များဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ကို ၁၉၉၉ ခုနှစ်က ရေးထိုးခဲ့ပြီး နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကမ္ဘာ့ကလေးများနေ့ကို မြန်မာနိုင်ငံ၌ ကျင်းပလာခဲ့သည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့် ယိမ်းအကပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် အားစကားပြိုင်ပွဲများကိုပါ ကျင်းပပြုလုပ်ခဲ့ပြီး ဆုရကျောင်းသူ ကျောင်းသားများကို အခမ်းအနားတွင် ဆုပေးအပ်ခဲ့သည်။

DSC03112

“လွတ်လပ်ရေး၏နေဝန်းနီ ခေါင်းစဉ်နဲ့ ကဗျာရွတ်ပြိုင်ခဲ့ရပြီးတော့ ပထမ ဆုကို ရရှိခဲ့ပါတယ်။ ခုနှစ်တန်းနှစ်ကတည်းက ကဗျာစရေးဖြစ်ပါတယ်။ ပြိုင်ပွဲတွေလည်း ၀င်ဖူးပါတယ်။ ဒီနှစ်မှ ဆုရဖူးတာပါ။ နောက်နှစ်တွေမှာလည်း ပြိုင်ပွဲဝင်သွားပါမယ်”ဟု မဟာပညာကျော် ကိုယ်ပိုင်အထက်တန်းအဆင့်သင်ကျောင်းမှ ဒဿမတန်းကျောင်းသား မောင်အောင်ဇော်လင်းက ပြောသည်။

မဟာပညာကျော် ကိုယ်ပိုင်အထက်တန်းအဆင့်သင်ကျောင်းမှ စာစီစာကုံးပြိုင်ပွဲတွင် ဒုတိယဆု ရရှိသူ မခင်မြင့်မြတ်ထက်ကလည်း ယခုကဲ့သို့ ဆုရရှိသည့်အတွက် အလွန်တရာ ပျော်ရွှင်ဝမ်းမြောက် မိကြောင်း၊ နောက်ပြိုင်ပွဲများတွင်လည်း ပထမဆုရရှိအောင် ကြိုးစားသွားမည်ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယိမ်းအကပြိုင်ပွဲတွင် သာစွရခိုင် ယိမ်းအကဖြင့် ဒုတိယဆုရရှိခဲ့သော ကျောင်းတက်လမ်းရပ်ကွက် မူလွန်ကျောင်းမှ ယိမ်းအကအဖွဲ့မှ ဒုတိတန်းကျောင်းသူ တော်ဝင်ချမ်းမြေ့ကလည်း “သမီးတို့ ပြိုင်ပွဲဝင်ရတာ ၀မ်းသာကြည်နူးမိပါတယ်။ နောက်လည်းပြိုင်ပွဲဝင်သွားပါမယ်”ဟု ပြောသည်။

ယင်းအခမ်းအနားတွင် မူလတန်းနှင့် မူကြိုကျောင်းသူကျောင်းသားများက အကအမျိုးမျိုးဖြင့် တင်ဆက်ဖြေဖျော်ခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ၀န်ကြီးများ၊ ဆရာ/မ များ ကျောင်းသူ ကျောင်းသားများ၊ နိုင်ငံတကာအဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ချို့နှင့် ဌာနဆိုင်ရာ အကြီးကဲများအပါအဝင် လူပေါင်း ၁၀၀၀ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို နံနက် ၉ နာရီတွင် စတင်ပြီး ၁၁ နာရီကျော်တွင် ပြီးဆုံးကြောင်း သိရသည်။

Most read this week