လက်ပံတောင်းရှိ လျော်ကြေးမယူသည့် လယ်ယာမြေများ မြေတူးစက်ဖြင့် တူးဖော်မှု ဒေသခံများ တားမြစ်မည် မဟုတ်

လက်ပံတောင်းရှိ လျော်ကြေးမယူသည့် လယ်ယာမြေများ မြေတူးစက်ဖြင့် တူးဖော်မှု ဒေသခံများ တားမြစ်မည် မဟုတ်
by -
မဇ္စျိမ

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း ဧရိယာအတွင်း ဒေသခံများက လျော်ကြေးငွေမယူသည့် သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများကို မြေတူးစက်ဖြင့် တူးဖော်မှုကို ဒေသခံများက တားမြစ်တော့မည် မဟုတ်ဟု ဒေသခံများက ပြောသည်။

ဒေသခံ ကိုအောင်သူက ''ဘာမှ မတတ်နိုင်တော့ဘူး။ ဒီအတိုင်း ရပ်ကြည့်နေဖို့ပဲ ရှိတော့တယ်လေ။ တားလို့လည်း ရမှမရတော့တာ။ သက်ဆိုင်ရာကလည်း တစ်စုံတစ်ရာ လာရောက်ဖြေရှင်းပေးတာမျိုး မရှိဘူး။ အကြောင်းလည်းကြားမထားဘူး။ အယုံအကြည်လည်း မရှိတော့ဘူး။ ဒီအတိုင်းပဲ ကြည့်နေရုံပဲပေါ့'' ဟု ပြောသည်။

လက်ပံတောင်း ကြေးနီစီမံကိန်းတွင် ဒေသခံတောင်သူများက ၎င်းတို့၏ ယာမြေများကို ခြံစည်းရိုးကာနေသည်ကို ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)

ဖေဖော်ဝါရီ ၉ရက်ကပင် မြေတူးစက် ၁၅စီးခန့်ဖြင့် လယ်များကို တူးဖော်နေခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ရက်အထိ ဒေသခံများက မြေတူးစက်ဖြင့် ဆက်လက်မတူးဖော်ရန် တားမြစ်ခဲ့ခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း၊ ဒေသခံများက ခဲဖြင့် ပစ်ပေါက်ခြင်း၊ ရဲဝန်ထမ်းများက လောက်လေးဂွဖြင့် ပြန်လည် ပစ်ခတ်ခြင်းများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံတောင်သူများက ပြောသည်။

တူးဖော်ဖျက်ဆီးခံခဲ့ရသည့် လယ်ယာမြေများမှာ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးရည် ရွယ်၍ ဒေသခံများက ဖွင့်လှစ်ထားသည့် ဆည်တည်းရွာသပိတ် စခန်းမြောက်ဘက်ရှိ လယ်ယာမြေ များ ဖြစ်သည်။

ဒေသခံ မနွယ်ဝင်းက ''တူးနေတာက အများကြီးဖြစ်နေပြီ။ လယ်တွေလည်း အကုန်ပျက်စီးကုန်ပြီ။ တူးထားတဲ့ မြေစာပုံဘေးတစ်လျှောက်မှာ ရဲဝန်ထမ်းအင်အားတွေ အများကြီးချထားတယ်။ တားလို့လည်းမရတော့ ဒေသခံတွေက လက်ပိုက်ကြည့် နေရုံပဲတတ်နိုင်တော့တာပေါ့''ဟု ပြောသည်။

လယ်ယာမြေများ မြေတူးစက်ဖြင့် တူးဖော်ခံရမှုကို ဒေသခံများက မည်ကဲ့သို့ ဆက်လုပ်မည်ကို တိုင်ပင်ဆွေးနွေးနေသည် ဟုလည်း မနွယ်ဝင်းက ဆိုသည်။ ဖေဖော်ဝါရီ ၁၂ရက်တွင် ရဲဝန်ထမ်းအင်အား ၃ဝဝခန့်ချထားပြီး တောင်သူဒေသခံ အင်အားမှာ ရဝခန့်သာရှိသည်ဟု ဒေသခံများက ဆိုသည်။

ဖျက်ဆီးခံခဲ့ရသည့် လယ်ယာမြေများပေါ်တွင် ပဲစဉ်းငုံ၊ ပြောင်းဖူးနှင့် ကုလားပဲများ စိုက်ပျိုးထားခြင်းဖြစ်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများမှာ ဧကပေါင်းတစ်ထောင် ကျော်ရှိသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ရက်ကပင် ဆည်တည်းရွာအနီးတွင် ဖွင့်လှစ်ထားသည့် သိမ်းဆည်းခံလယ်ယာ မြေပြန် လည်ရရှိရေး ဖွင့်လှစ်ထားသည့် သပိတ်စခန်းမှာလည်း ဆက်လက်ရှိနေဆဲဖြစ်သည်။

လက်ပံတောင်း ကြေးနီစီမံကိန်းတွင် ဒေသခံတောင်သူများက ၎င်းတို့၏ ယာမြေများကို ခြံစည်းရိုးကာနေ သည်ကို ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)

Most read this week