တစ်လကျော်သော်လည်း နိုင်ငံရေး အကျဉ်းသားများ ရေးရာကော်မတီ အလုပ်မလုပ်သေး

တစ်လကျော်သော်လည်း နိုင်ငံရေး အကျဉ်းသားများ ရေးရာကော်မတီ အလုပ်မလုပ်သေး
by -
မဇ္စျိမ

 နိုင်ငံရေး အကျဉ်းသားများ၏ အရေးကိစ္စများကို လျင်လျင်မြန်မြန်ဖြင့် အောက်ခြေအဆင့်ထိ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်ဟုဆိုကာ ဇန်နဝါရီ ၅ရက် ရက်စွဲဖြင့် သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပေးလိုက် သည့် 'နိုင်ငံ ရေးအကျဉ်းသားများ ရေးရာကော်မတီ' သည် ကော်မတီသက်တမ်း တစ်လကျော်သော်လည်း အလုပ်မစသေးသည့်အပြင် ကော်မတီအစည်းအဝေးပင် ခေါ်ယူခြင်းမရှိသေးဟု ယင်းကော်မတီဝင်များက မဇ္ဈိမကို ပြောသည်။

အဖွဲ့ဝင်၂၈ ဦးဖြင့် အသစ်ဖွဲ့စည်းလိုက်သည့် ရေးရာကော်မတီတွင် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးထားခြင်း ဖြစ်သည်။

''အစည်းအဝေး မခေါ်သေးဘူး။ အရင်ဆုံးလုပ်ငန်းစဖို့က အစည်းအဝေးခေါ်မှဖြစ်မှာကိုး။ ပြဿနာက ဒုတိယ ပြည်ထဲရေးဝန်ကြီးက ကော်မတီမှာ ဥက္ကဋ္ဌဆိုတော့ ဒီရက်ပိုင်းကတော့ ခင်ဗျားတို့သိတဲ့ အတိုင်းပဲလေ။ ပြဿနာက တစ်ခုပြီးတစ်ခုဖြစ်နေတော့ ဒီပြဿနာတွေနောက်ကို သူတို့လိုက်နေရတဲ့အတွက် အစည်းအဝေးမခေါ်နိုင်သေးတာလို့ ကျွန်တော်ထင်ပါတယ်'' ဟု ရေးရာကော်မတီဝင်ဖြစ် သည့် ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းညွှန့်က ပြောသည်။

ယင်းကော်မတီအား စတင်ဖွဲ့စည်းပေးစဉ်ကတည်းက လုပ်ငန်းတာဝန် ချမှတ်ပေးထားခြင်း မရှိသောကြောင့် ကော်မတီ လုပ်ငန်းများနှင့် ပတ်သက်ပြီး လွှတ်တော်တွင်းမှတစ်ဆင့် တင်ပြသွားမည်ဟု ၎င်းက ဆိုသည်။

''ကော်မတီက လောလောဆယ်ဘာမှ ဆောင်ရွက်မှု မရှိသေးပါဘူးဗျာ။ သမ္မတအမိန့်နဲ့ ဖွဲ့စည်းပေးလိုက်တာပဲ ရှိပါသေးတယ်'' ဟုလည်း ရေးရာကော်မတီဝင် တစ်ဦးဖြစ်သူ ဦးရဲအောင်က ပြောသည်။

လွန်ခဲ့သည့် နှစ်နှစ်ခန့်က အဖွဲ့ဝင် ၁၉ဦးဖြင့် ဖွဲ့စည်းထားသည့် ''လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေး ကော်မတီ'' ကို ပယ်ဖျက်ပြီး အသစ်ဖွဲ့စည်းလိုက်သည့် ရေးရာကော်မတီသည် နိုင်ငံရေး အကျဉ်းသားရေးရာကိစ္စများကို တစိုက်မတ်မတ် လုပ်ဆောင်နေသူများပါဝင်မှု နည်းသောကြောင့် အလုပ်ဖြစ်မည် မဟုတ်ဟုလည်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ဝေဖန်လျက်ရှိသည်။

''ရေးရာ ကော်မတီဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေး အကျဉ်းသား စိစစ်ရေးက လုပ်နေရမှာ'' ဟု ဦးသိန်းညွှန့် ကပြောသည်။

ရေးရာကော်မတီတွင် နိုင်ငံရေးပါတီ အချို့မှ ၁၆ ဦးနှင့် အစိုးရဘက်မှ ၈ဦး ပါဝင်ပြီးMyanmar Egress မှ ဦးလှမောင်ရွှေ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင်တို့ ပါဝင်သည်။

Most read this week