တောင်ကုတ်တွင် ၆တန်း ကျောင်းသူနှစ်ဦးကို ရေကန်ထဲတွင် သေဆုံး၍တွေ့ရှိ

တောင်ကုတ်တွင် ၆တန်း ကျောင်းသူနှစ်ဦးကို ရေကန်ထဲတွင် သေဆုံး၍တွေ့ရှိ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပေါ်တွင် ဖေဖော်ဝါရီလ(၉)ရက်နေ့မှ စတင်ပျောက်ဆုံးနေခဲ့သော (၆)တန်းကျောင်းသူနှစ်ဦး၏ အလောင်းများကို ဖေဖော်ဝါရီ (၁၂)ရက်နေ့ နံနက်ပိုင်းက တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်၊ ဆုတောင်းပြည့် ကျောင်းတိုက်ဘေးရှိ ပေ(၁၀၀)ခန့်ကျယ် သောက်သုံးရေကန် အတွင်း ရေနစ် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ရခိုင်လူမှုကွန်ယက်(တောင်ကုတ်) အမူဆောင်ကော်မတီဝင် ကိုသီဟကျော်မှ နိရဥ္စရာ သတင်းဌာနသို ့ပြောသည်။

“ဒီလ၉ရက်နေ့က ကျွန်တော်တို့တောင်ကုတ်မြို့မှာ ကလေးနှစ်ယောက် ပျောက်ဆုံးသွားကြောင်း အသံချဲ့စက်နဲ့ အော်တယ်။ ၁၂ရက်နေ့မှာ တောင်ကုတ်မြို့ သိမ်တောင်ရပ်ကွက် ဆုတောင်းပြည့်ကျောင်း တိုက်ဘေးမှာရှိတဲ့ သောက်ရေကန်အတွင်းမှာ သူတို့နှစ်ယောက်ရဲ့ အလောင်းပေါ်နေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်’’ ဟု သူက ပြောသည်။

students death

သေဆုံးသွားသည့် ကျောင်းသူနှစ်ဦးမှာ တောင်ကုတ်မြို့ သိမ်တောင်ရပ်ကွက်မှဖြစ်ပြီး မသီရိညီ အသက်(၁၂)နှင့် မဆုပိုပိုဝင်း အသက်(၁၃)နှစ်တို့ဖြစ်ကြောင်း သိရသည်။

“ကလေးတွေကိုယ့်ကိုယ်ကို သတ်သေသွားတဲ့သဘောပါ။ ကလေးတွေက ကျောင်းပြေးတဲ့ အလေ့အထရှိပါ တယ်။ ကျောင်းပျက်တော့ ကလေးတွေက အိမ်ကိုလည်း မပြန်ရဲကြဘူး။ အဆူခံ၊ အရိုက်ခံရမှာကို ကြောက်ကြ တယ်။ အဲဒီတော့ ကလေးတွေကန်ထဲမှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ကြတာ ဖြစ်နိုင်ပါတယ်။ ကလေးတွေက မိဘတွေမရှိတော့ မိဘမေတ္တာ အရမ်းငတ်နေကြတယ်။ သေဆုံးသွားတဲ့ ကျောင်း သူနှစ်ယောက်ထဲက တစ်ယောက်မှာ အဖေ၊ အမေတွေက  မလေးရှားမှာ အလုပ်လုပ်နေတယ်။ အဖေ အမေတွေကလည်း တစ်ယောက်နဲ့တစ်ယောက် ကွဲနေကြတယ်လို့ သိရပါတယ်’’ ဟု သူက ဆက်ပြောသည်။

သူတစ်ပါးလုပ်ကြံပြီး အနိုင်ကျင့်ခံရသော လက္ခဏာ တစ်စုံတစ်ရာ မတွေ့ရှိရကြောင်း၊ ကိုယ့်ကိုယ်ကို  သေကြောင်းကြံသောလက္ခဏာမျိုးတွေ့ရကြောင်း  မြို့နယ်ဆရာဝန်ဦးဆန်းလွင်၏ ဆေးစစ်ချက် တွင် ရေးသားထားကြောင်း သူက ပြောဆိုသည်။

သေဆုံး သူကျောင်းသူနှစ်ဦး၏ ရုပ်အလောင်းများကို ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ ညနေ ၄ အချိန်တွင် သဂြိုင်္လ်မည်ဖြစ်ကြောင်း သိရသည်။

Most read this week