ရမ်းဗြဲလေးတောင်တွင် ANP ဆိုင်းဘုတ်ဖြိုဖျက်ခံရ

ရမ်းဗြဲလေးတောင်တွင် ANP ဆိုင်းဘုတ်ဖြိုဖျက်ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်၌ ဖေဖေါ်ဝါရီ ၁၂ရက်နေ့ ညက ရခိုင်အမျိုးသားပါတီ(ANP) ဆိုင်းဘုတ်် ဖြိိုဖျက်ခံခဲ့ရသည်ဟု လေးတောင်ဒေသခံ ဦးသန်းဝင်းက နိရဥ္စရာသို့ ပြောသည်။

“ဖြိုဖျက်ခံရတဲ့ ဆိုင်းဘုတ်က လေးတောင်တိုက်နယ် ဇရပ်ပြင်ကျေးရွာ၊ ရွာဦးမှာထောင်ထားတဲ့  ANP မြေစိုက် ပိုစတာ ဆိုင်းဘုတ်ပါ။ လုံးဝ ဖြိုဖျက်ပစ်ခဲ့ပါတယ်။ မနေ့ညဉ့်မှာ ဖြိုဖျက်ပစ်ခဲ့တာပါ” ဟု ဦးသန်းဝင်းက ပြောသည်။

ANP-Headquarters-Sittwe

ထိုသို့ဖြိုဖျက်ခံခဲ့ရသဖြင့် ရခိုင်အမျိုးသားပါတီ အဖွဲ့ဝင်များမှ လေးတောင်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားသွားမည် ဟု ဆိုသည်။

လေးတောင် ဇရပ်ပြင်ကျေးရွာ ရွာဦးတွင် ကြ့ံခိုင်ရေးပါတီမှလည်း ၎င်းတို့၏ မြေစိုက်ပိုစတာ ဆိုင်းဘုတ်အား ဖြိုဖျက်ခံရသော ဆိုင်းဘုတ်အနီးနားတွင် စိုက်ထူထားရှိကြောင်း သိရသည်။

“ဆိုင်းဘုတ်နှစ်ခုက တစ်ခုနဲ့တစ်ခု ၆ ပေလောက်စီကွာပြီး ရွာဦးမှာ ထောင်ထားပါတယ်။ အခု ANP ပါတီ ဆိုင်းဘုတ်ပဲ ဖြိုဖျက်ခံရပြီး ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ်ကျတော့ ဖြိုဖျက်မခံရဘူး။ ဒါဟာ စဉ်းစားစရာ ဖြစ်နေပါ တယ်” ဟု ဦးသန်းဝင်းက ဆက်လက် ပြောဆိုသည်။

ဇရပ်ပြင်ကျေးရွာတွင် ရခိုင်အမျိုးသားပါတီကို ရွာလုံးကျွတ် ထောက်ခံမှုများရှိသဖြင့် မကျေနပ်သူတစ်စုက ယခုလို ဖြိုဖျက်ခြင်း ဖြစ်နိုင်ကြောင်း ကျေးရွာသား တစ်ဦးက ဆိုသည်။

“ရခိုင်အမျိုးသားပါတီက ဒေသခံပါတီဆိုတော့ ဒေသချစ်စိတ်နဲ့ ထောက်ခံသူများပါတယ်။ တစ်ရွာလုံးနီးပါး ထောက်ခံပါတယ်။ ဒါကို မလိုလားတဲ့လူတစ်စုက  တမင်ရည်ရွယ်ဖျက်ဆီးတာ ဖြစ်ပါတယ်” ဟု အဆိုပါ ရွာသားက ဆိုသည်။

ယင်းအပြင် ကြံ့ခိုင်ရေးပါတီ ထောင်ထားသော ဆိုင်းဘုတ် ပိုစတာမှာ ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသော နာမည်နှင့်လည်း ကွဲလွဲမှုရှိနေကြောင်း ၎င်းဒေသခံ ရွာသားက နိရဥ္စရာသို့ ပြောဆိုသည်။

“အခု ကြံ့ခိုင်ရေးပါတီက ကျွန်တော်တို့ရွာမှာ ဘယ်လို ဆိုင်းဘုတ်ထောင်ထားသလဲဆိုရင် ရခိုင်တိုင်းရင်းသားများ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဆိုပြီး ထောင်ထားပါတယ်။ ရခိုင်တိုင်းရင်းသားများ၏ဆိုတဲ့ စကားလုံးကို သုံးထားတဲ့အတွက် ဒါဟာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်” ဟု သူက ဆိုသည်။

အလားတူ ရမ်းဗြဲမြို့နယ် ချင်းအမျိုးသားများ၏ ကျေးရွာများတွင်လည်း ချင်းတိုင်းရင်းသားများ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမည်ဖြင့် ဆိုင်းဘုတ်များကို စိုက်ထူထားကြောင်း သိရသည်။

Most read this week