ငြိမ်းချမ်းရေးအတွက် KIO ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည်

ငြိမ်းချမ်းရေးအတွက် KIO ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည်
by -
ကေအဲန်ဂျီ

ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အောင်မြင်သည်အထိ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)က ဖေဖေါ်ဝါရီလ ၁၂ရက်နေ့တွင် ကျရောက်သည့် (၆၈) ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် ကြေငြာချက်ထုတ်ပြန်လိုက်သည်။

KIO အနေဖြင့် နှစ်ပေါင်းများစွာ ကြံုတွေ့ခဲ့ကြသော နိုင်ငံရေးပဋိပက္ခများ အဆုံးသတ်ကာ တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)က တွေ့ဆုံ ညှိနှိုင်းလျက်ရှိသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

KIO statement on 68th Burma Union Day

“ဒီပြည်ထောင်စုနေ့ကို ကျနော်တို့ တိုင်းရင်းသားတွေကလည်း အလေးထားပါတယ်။ အလေးထားလို့ ဒီလို နေ့ထူးနေ့မြတ် ပြည်ထောင်စုနေ့ကို ကျနော်တို့ ကေအိုင်အိုရဲ့ နိုင်ငံရေးလမ်းကြောင်းသွားနေတဲ့ သဘောထားကို သိရှိအောင် ထုတ်ပြန်ရတဲ့သဘောပါ” ဟု KIO၏ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်က ပြောသည်။

ထို့ပြင် တောင်းတန်းဒေသနှင့် မြေပြန့်ဒေသ ပူးပေါင်းရေးကို အခြေခံကာ ချုပ်ဆိုခဲ့ကြသော ပင်လုံစာချုပ်မှ အစပြုခဲ့သည့် ပြည်ထောင်စုနေ့မှာ (၆၈)ကြိမ်မြောက်ခဲ့ပြီး တိုင်းရင်းသားအချင်းချင်း အပြန်အလှန် ယုံကြည်လေးစားကာ ထာဝစဉ် လက်တွဲ၍ ပြည်ထောင်စုအတွင်း ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေး ဆိုသည့် ပင်လုံစိတ်ဓါတ်ကို အခြေခံလျက် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့တို့ ကြိုးစားဆောင်ရွက်နေသော ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အောင်မြင်စွာ လျှောက်လှမ်းနိုင်မည်ဟု အလေးအနက်ယုံကြည်ကြောင်း ဖော်ပြထားသည်။

KIO သည် သမ္မတ ဦးသိန်းစိန်၏ ပြည်ထောင်စုနေ့ ဖိတ်ကြားမှုကို လက်ခံ ရရှိသော်လည်း ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုရမည်ဟူသော အဆိုပြုချက်အား သဘောမတူသဖြင့် မတက်ရောက်ခြင်း ဖြစ် သည်ဟု ဦးလာနန်က ပြောသည်။

“ကျနော်တို့ ကေအိုင်အို အဖွဲ့အစည်းကတော့ NCCT ကနေပြီး လုပ်နေတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲမှ တစ်ပါး တခြားသော ငြိမ်းချမ်းရေးဆိုတဲ့ အမြင်ကွဲစေနိုင်တဲ့ သဘောတူစာချုပ်တွေကို ချုပ်ဆိုဖို့သဘောထား မရှိပါဘူး” ဟု သူက ပြောသည်။

ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်သည့်အဖွဲ့များက ပြည်ထောင်စုနေ့တွင် ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး ဆက်လက်လုပ်ဆောင်သွားမည့် စာချုပ်ကို လက်မှတ်ရေးထိုး ကြမည်ဖြစ်ကြောင်း သိရသည်။
 
အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၆) ဖွဲ့ကို ဖိတ်ကြားခဲ့သော်လည်း KIA အပါအဝင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)တို့ သုံးဖွဲ့တက်ရောက်ခြင်း မရှိခဲ့ပေ။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ကချင်၊ ချင်း၊ ရှမ်း တိုင်းရင်းသားခေါင်းဆောင်များက တိုင်းရင်းသားအားလုံး တန်းတူညီမျှသောအခွင့်အရေး ရရှိရန် လက်မှတ် ရေးထိုးခဲ့ကြသည်။

Most read this week