အဓမ္မ္မပြုကျင့် သတ်ဖြတ်ခံရသော ဆရာမနှစ်ဦးအမှု တရားခံဖော်ထုတ်နိုင်ရေး အစာရှောင် ဆုတောင်းမည်

အဓမ္မ္မပြုကျင့် သတ်ဖြတ်ခံရသော ဆရာမနှစ်ဦးအမှု တရားခံဖော်ထုတ်နိုင်ရေး အစာရှောင် ဆုတောင်းမည်
by -
ကေအဲန်ဂျီ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် နမ်တောင်း (Namtau) ကျေးရွာအုပ်စု ကောင်းခါး (Kawng Hka) ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ စေတနာ့ဝန်ထမ်း ကချင်ကျောင်းဆရာမ Maran Lu Ra နှင့် Tangbau Hkawn Nan Tsinတို့ အဓမ္မပြုကျင့်ခံရ၍ သတ်ဖြတ်ခံရသော တစ်လပြည့်သည့် လာမည့် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ၂၄ နာရီ ကမ္ဘာတလွှား အစာရှောင်ဆုတောင်းရန် KBCက ပန်ကြားလိုက်သည်။

“ဒီကိစ္စကို အားလုံးလည်း သိရှိထားပြီးသားဖြစ်တယ်ဆိုတော့ ကမ္ဘာ့အဆင့် အားလုံး ကိုယ်ကိုးကွယ်တဲ့ဘာသာနဲ့ ကိုယ့်နေရာကနေ အသီးသီး အစာမစားဘဲ ဝိုင်းဆုတောင်းကြဖို့ပါ” ဟု KBC အတွင်းရေးမှုး Rev. Dr. Hkalam Samson က ပြောသည်။
Funeral service of two KBC teachers at AD 2000 hall
စေတနာ့ဝန်ထမ်း ကချင်ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရမှုနှင့်ပတ်သက်၍ အဖြေမှန် ဖော်ထုတ်နိုင်ရန် အပါအဝင် လာမည့်ဖေဖော်ဝါရီလ ၁၉ရက် နံနက် ၆ နာရီမှ ၂၀ရက် နံနက် ၆ နာရီထိ တလုံးတဝတည်း ၂၄ နာရီ အစာရှောင် ဆုတောင်းရန် KBCက ဖေဖော်ဝါရီလ ၁၁ရက်တွင် ကြေငြာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“KBC၏ စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အဓမ္မကျင့်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ အဖြေမှန်ဖော်ထုတ်ရန် ဆုတောင်းခြင်းမှတပါး အခြားသော အဖြေမရှိတော့ပါ၊ ကျွန်တော်တို့ဘက်မှ ဘုရားပေးသော ဉာဏ်စွမ်းသတ္တိနှင့် အစွမ်းကုန်ကြိုးစားနေပါသည်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တရားဥပဒေ စိုးမိုးခြင်းမရှိသော ၄င်းဒေသတွင် အမှုမှန်ပေါ်ထွက်ရန် ခက်ခဲမှုများစွာနှင့် အတားအဆီးများစွာ ရှိနေသဖြင့် KBCနှင့်အတူ မြစ်ကြီးနားခရစ်ယာန်ကောင်စီ (MCC)တွင် ပါဝင်သော ခရစ်ယာန်ဂိုဏ်းအားလုံး အစာရှောင် ဆုတောင်းရန် ဖိတ်ခေါ်အပ်ပါသည်ဟု ဆိုထားသည်။

လူမျိုးဘာသာ၊ အသင်းအဖွဲ့၊ မိသားစုတစ်ဦးချင်း၏ အပြစ်များကို ဝန်ချတောင်းပန်ရန်၊ စေတနာ့ ဝန်ထမ်းကျောင်းဆရာမ နှစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်သော တရားခံများအား အမြန်ဆုံးဖော်ထုတ်နိုင်ရန်၊ ပြစ်မှုကျူးလွန်သူ တရားခံများအစား အပြစ်မဲ့ပြည်သူများ ဓါးစာခံဖြစ်မသွားစေရန်၊ အမှုနှင့်ပတ်သက်၍ စစ်ဆေး မေးမြန်းမှုများ၊ ခြိမ်းခြောက်မှုများကြောင့် အလွန်ကြောက်ရွံ့နေကြသော နမ်တောင်း (Namtau)၊ ကောင်းခါး (Kawng Hka)ကျေးရွာသားများအတွက် ဆုတောင်းပေးရန် အပါအဝင် အချက်၆ချက်ဖြင့် အစာရှောင် ဆုတောင်းကြရန် ထုတ်ပြန်လိုက်သည်။

အမှုမှန်ပေါ်ပေါက်ရန် စုံစမး်စစ်ဆေးနေကြသော တာဝန်ရှိသူများအားလုံး အမှန်တရားအတွက် ရဲရဲဝံ့ဝ့ံလုပ်ဆောင် သွားနိုင်ရန်နှင့် ဖြစ်ပျက်ခဲ့သော အမှုအရာများကြောင်း ဘုရားသခင်၏ဘုန်းတော် ပိုမိုထင်ရှားလာစေရန်တို့လည်း ပါဝင်သည်။

KBCသည် ဆရာမနှစ်ဦး သတ်ဖြတ်ခံရသည့် အမှုအတွက် မှန်မှန်ကန်ကန်ဖော်ထုတ်နိုင်ရန် တဖက်တလမ်းမှ ကူညီထောက်ပံ့သည့်သဘောဖြင့် KBCက (၁၅)ဦးပါ စုံစမ်းစစ်ဆေးရေးကော်မတီကို ဖေဖော်ဝါရီလ ၄ရက်က ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

Most read this week