မဏ္ဍိုင်သုံးခုကိုု ဗိုလ်ချုပ်အောင်ဆန်း လမ်းစဉ်နှင့် စိတ်ဓာတ်လိုက်နာရန် လွှတ်တော်ဥက္ကဋ္ဌများပြော

မဏ္ဍိုင်သုံးခုကိုု ဗိုလ်ချုပ်အောင်ဆန်း လမ်းစဉ်နှင့် စိတ်ဓာတ်လိုက်နာရန် လွှတ်တော်ဥက္ကဋ္ဌများပြော
by -
မဇ္စျိမ

ဥပဒေပြုရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ တရားစီရင်ရေးအဖွဲ့များသည် ဗိုလ်ချုပ်အောင်ဆန်း၏ မူဝါဒလမ်းစဉ်နှင့် ရည်မှန်ချက်များကို ဗိုလ်ချူပ်စိတ်ဓာတ်အတိုင်း ဆောင်ရွက်သွားရန် လိုအပ်သည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဗိုလ်ချုပ် နှစ်တစ်ရာပြည့် စာတမ်းဖတ်ပွဲတွင် ပြောသည်။

''တိုင်းရင်းသား စည်လုံးညီညွှတ်ရေး အမျိုးသားပြန်လည်သင့်မြတ်ရေး မရှိဘဲနဲ့ ဗိုလ်ချုပ် ရည်မှန်းချက်ရောက်အောင် ဗိုလ်ချုပ်ရဲ့ မူဝါဒလမ်းစဉ်ကို ဗိုလ်ချုပ်စိတ်ဓာတ်နဲ့လုပ်မယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဒီကနေ့ ဒီအချိန်အခါမှာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး မရှိမဖြစ် မလုပ်မဖြစ် လုပ်ရမယ့်ကိစ္စဖြစ်တဲ့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေပြုရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ တရားစီရင်ရေးအဖွဲ့က ဆက်လက်လုပ် ဆောင်သွားရန် လိုအပ်ကြောင်းပြောလိုပါတယ်'' ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက တိုက်တွန်းပြောဆိုလိုက်သည်။

General-Aung-San-100-Year-Birthday-Parliament-celebrate-01

လွှတ်တော်သက်တမ်းတွင် ပထမဆုံးအကြိမ် သဘင်ဆောင်တွင်ပြုလုပ်သည့် ဗိုလ်ချုပ်နှစ်တစ်ရာပြည့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲအပြီး၌ အထက်ပါအတိုင်း အမှာစကားတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ကလည်း ဗိုလ်ချုပ်နှစ် တစ်ရာပြည့် အခမ်းအနားတွင် ဗိုလ်ချုပ် အောင်ဆန်းအမှူးပြုသည့် ခေါင်းဆောင်များက ကျွန်တော်တို့တိုင်းပြည်အတွက် မဟာဗျူဟာ ရည်မှန်ချက်ကြီးသုံးချက်ကို ၁၃ဝဝ ပြည့် အရေးတော်ပုံနှစ်အတွင်း ချမှတ်ခဲ့သည်ဟုပြောသည်။ ထိုရည်မှန်း ချက်များမှာ လွတ်လပ်ရေး၊ ဒီမိုကရေစီအရေးနှင့် ဆိုရှယ်လစ်အရေး တစ်နည်းအားဖြင့် ခေတ်မီနိုင်ငံတော် တည်ဆောက်ရေး စီမံချက်ဖြစ်သည်ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။

''ဗိုလ်ချုပ်တို့ခေတ်ရဲ့ တာဝန်ဟာ လွတ်လပ်ရေးဖြစ်ပါတယ်။ ဒါကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက် ခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ခေတ်ရဲ့ တာဝန်ဖြစ်တဲ့ ဒီမိုကရေစီအရေးကို ပြီးမြောက်အောင်မြင်အောင် ထမ်းဆောင်နိုင်မှ ဗိုလ်ချုပ်ရဲ့ သားကောင်း၊ သမီးကောင်း ဖြစ်ထိုက်မယ်လို့ယူဆပါတယ်'' ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ''အောင်ဆန်းစိတ်ဓာတ်၊ အောင်ဆန်း လမ်းစဉ်'' ခေါင်းစဉ်ဖြင့် စာတမ်းတစ်စောင် တင်သွင်းခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဇေယျာသော်က စာတမ်းတင်သွင်းရာ တွင် ''မြန်မာနိုင်ငံသည် ဗိုလ်ချုပ်အရယူပေးခဲ့သော လွတ်လပ်ရေးဟူသည့် မှတ်တိုင်တစ်ခုကို ဖြတ်သန်းနိုင် ခဲ့ပြီး ဖြစ်သော်လည်း ဒီမိုကရေစီပန်းတိုင်သို့ အရောက်လှမ်းနိုင်ရေးအတွက် ဗိုလ်ချုပ်ချန်ထားသည့် အမွေဖြစ်သော အောင်ဆန်းစိတ်ဓာတ်၊ အောင်ဆန်းလမ်းစဉ်တို့ကို ဆက်ခံလျက် ပြည်ထောင်စုသားအားလုံးနှင့် အတူတကွ လက်တွဲ၍ ကြိုးပမ်းအားထုတ်ကြပါရန် တိုက်တွန်းအပ်ပါတယ်'' ဟု ပြောသည်။

Most read this week