ရပ်ကျေးကော်မရှင်အဖွဲ့ဝင်တွင် နိုင်ငံရေးပါတီများနှင့် မကင်းရှင်းသူများ နုတ်ထွက်

ရပ်ကျေးကော်မရှင်အဖွဲ့ဝင်တွင် နိုင်ငံရေးပါတီများနှင့် မကင်းရှင်းသူများ နုတ်ထွက်
by -
ကန္တာရဝတီတိုင်းမ်

ကယားပြည်နယ်၌ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပစဉ်အတွင်း ရပ်ကွက်နှင့်ကျေးရွာ(ရပ်ကျေး)အဆင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွင် တာဝန်ထမ်းဆောင်မည့်သူများထဲမှ နိုင်ငံရေး ပါတီများနှင့် မကင်းရှင်းသူများသည် မိမိဆန္ဒဖြင့် ကော်မရှင်မှ နုတ်ထွက်ရမည်ဟု လွိုင်ကော်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးမျိုးသန့်က ကန္ဒရဝတီတိုင်း(မ်)ကို ပြောသည်။

“သူ့ရဲ့ဆန္ဒအရ ပါတီထဲသူပါပြီဆိုတော့ သူဟာ အဲဒီနေရာကို ကော်မရှင်ကနေ ပယ်ဖျက်ပြီးတော့ အစားထိုးရတာပေါ့”ဟု ၎င်းက ပြောသည်။

မြို့နယ်အဆင့် ကော်မရှင်အဖွဲ့များက ရပ်ကျေးကော်မရှင်အဖွဲ့များထံသို့ ကွင်းဆင်း၍ ၂၀၁၀ ရွေးကောက်ပွဲတွင် လုပ်ဆောင်ခဲ့သည့်သူများကို ဖိတ်ကြားပြီး ၂၀၁၅ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တွင် ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိမရှိ သဘောထား ကောက်ယူကာ နိုင်ငံရေးပါတီများနှင့် ပါဝင်ပတ်သက်သည့် ပုဂ္ဂိုလ်များရှိပါက နုတ် ထွက်ထားခိုင်းပြီး ကော်မရှင်မှ အစားထိုးခြင်းတို့ကို ပြန်လည်စိစစ် ဆောင်ရွက်ထားခြင်းဖြစ်သည်။

လွိုင်ကော်မြို့နယ်အတွင်းတွင်စိစစ်ရာ မထောခူရွာ၊ ကုန်းသာရွာ၊ ရှမ်းပိုင်းရပ်ကွက်များနှင့် အခြားသော ရပ်ကွက်များတွင် နိုင်ငံရေးပါတီနှင့်ပတ်သက်နေ၍ ကော်မရှင်မှ နုတ်ထွက်သွားသူ စုစုပေါင်းလူဦးရေ ၂၀ ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ရပ်ကျေးအဆင့်တွင် အစားထိုးထားသည့် ကော်မရှင်အဖွဲ့ဝင်များအား ခရိုင်အဆင့်၊ ပြည်နယ် အဆင့် ကော်မရှင်ထံသို့ တင်ပြထားပြီး အထက်မှ ပြန်လည်ညွန်ကြားခြင်း၊ အတည်ပြုခြင်း မလုပ်သေးကြောင်းသိရသည်။

ကော်မရှင်အဖွဲ့တွင် တာဝန်ထမ်းဆောင်ရမည့်သူများသည် ကော်မရှင်စည်းကမ်းချက်အရ အဓိက နိုင်ငံရေး ပါတီအဖွဲ့ဝင် မဖြစ်ရကြောင်း၊ လက်ရှိလွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေမျိုးသားချင်း မဖြစ်ရကြောင်း၊ အများယုံကြည် လေးစားရမည့်သူ ဖြစ်ရမည်ဖြစ်ကြောင်း ၊ နိုင်ငံသားဖြစ်ရမည်ဖြစ်ကြောင်း စသည်တို့ပါရှိ သည်ဟု သိရသည်။

“ကော်မရှင်အဖွဲ့ဝင်တွေကတော့ နိုင်ငံရေးပါတီနဲ့တော့ ကင်းရှင်းရမယ်။ နိုင်ငံရေးပါတီဝင်တဲ့ သူကတော့ သူ့ဘာသာသူ နုတ်ထွက်လိုက်ပြီးတော့ နုတ်ထွက်ခွင့်တင်တယ်” ဟု ပြည်နယ်ရွေးကောက်ပွဲ အရာရှိ ဦးကျော်ဆန်းဝင်းက ပြောသည်။

လက်ရှိကော်မရှင်အဖွဲ့ဝင်များကိုလည်း ရွေးကောက်ပွဲမတိုင်မှီ ကြားကာလတွင် နိုင်ငံရေးပါတီနှင့် ကင်းရှင်းမှု ရှိမရှိကို ကျေးရွာအုပ်ချုပ်ရေးမှူး ၊ ရပ်မိရပ်ဖများဖြင့် အချင်းချင်း ထိန်းညှိထားခိုင်းကြောင်း သိရသည်။