ကျေးရွာအုပ်ချုပ်ရေးမှူးများအား အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်အာဏာကို ပူးတွဲတာဝန်ပေးထားခြင်းအား ဖျက်သိမ်းပြင်ဆင်ပေးစေကြောင်း အဆိုအား လပွတ္တာမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးဇော်ဝင်း က ဖေဖော်ဝါရီလ ၁၀ ရက်တွင် ဧရာဝတီတိုင်း လွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေး ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် တင်သွင်းရာ ရှုံးနိမ့်ခဲ့ရသည်။
ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဒေသဆိုင်ရာ အာဏာနှင်းအပ်ထားသည့်အပြင် လယ်ယာမြေစီမံခန့်ခွဲရေး ဥက္ကဋ္ဌ အဖြစ် မြေယာမှုခင်းများကို စီရင်ဆုံးဖြတ်ရသည့် တရားစီရင်ရေး အာဏာကို ထပ်မံပေးအပ်ထားခြင်းကြောင့် မလိုလားအပ်သည့် ပြဿနာများဖြစ်ပေါ်နေသည်ဟုဆိုကာ ယင်းသို့ ပူးတွဲအာဏာပေးထားခြင်းကို ဖျက်သိမ်းပေးရန် အဆိုရှင်က ပြောကြားခဲ့သည်။
"လူတစ်ယောက်ကို အုပ်ချုပ်ရေးရော တရားစီရင်ရေးရော ပေးထားသလို ဖြစ်နေတယ်၊ တာဝန်တခုပဲ ပေးသင့်တယ်၊ သူတို့ သဘောကျဆုံးဖြတ်ချက်တွေ ချနေတယ်" ဟု အဆိုရှင်ဦးဇော်၀င်းက ဧရာဝတီတိုင်းအတွင်း လယ်ယာမြေပြဿနာများကို ရည်ညွှန်း၍ မဇ္စျိမသို့ ပြောသည်။
ဧရာဝတီတိုင်းအတွင်း ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲမှု ကိစ္စများတွင် စီမံခန့်ခွဲရေး ကော်မတီအနေဖြင့် ဘက်လိုက် ဆုံးဖြတ်မှုများ ရှိနေသည်ဟု ဝေဖန်မှုများနှင့် ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့သည်။
"ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို အုပ်ချုပ်ရေးအာဏာ ပေးထားပြီးသား၊ လယ်ယာမြေ စီမံခန့်ခွဲရေးမှာလည်း အုပ်ချုပ်ရေးမှူးတွေကို ဥက္ကဋ္ဌထပ်ပေးခဲ့တယ်၊ လယ်ယာမြေအငြင်းပွားမှု ဆုံးဖြတ်တယ်ဆိုတာ တရားစီရင်ရေးဖြစ်နေတယ်" ဟု ဦးဇော်ဝင်းက ပြောသည်။
ယင်းအဆိုနှင့် ပတ်သက်၍ ရေကြည်မြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေးက "လယ်ယာမြေ ပြဿနာတွေမှာ တစ်ဖက်သတ် ဆုံးဖြတ်ချက်တွေချနေတယ်၊ ကျွန်မတို့ ကိုယ်စားလှယ်တွေ အားလုံး ကြံုတွေ့နေရတယ်၊ ဥပဒေကို ပြည်ထောင်စုက ပြဌာန်းတာ ဆိုပေမယ့် ဥပဒေမှာ အားနည်းချက်တွေ အားသာချက်တွေရှိနေတယ်။ အခုအဆိုက ကိုယ်စားလှယ်တွေ ဆွေးနွေးသင့်တယ်၊ တိုင်းဒေကြီးကိုယ်စားလှယ်တွေ အောက်ခြေနဲ့ ထိတွေ့နေရတယ်၊ အခုအဆိုကို ပြည်ထောင်စုအထိ ဆက်လက်ဆွေးနွေး တင်ပြသင့်တယ်" ဟု မဇ္စျိမကို ပြောသည်။
အဆိုကို မဲခွဲဆုံးဖြတ်ရာ ဖေဖော်ဝါရီ ၁၀ရက်က တိုင်းလွှတ်တော်သို့ တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ် ၅၆ ဦးတွင်၊ ၄ ဦးကသာ ထောက်ခံပြီး ကျန် ၅၂ ဦးက ကန့်ကွက်၍ ရှုံးနိမ့်ခဲ့သည်။