ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲထည့်ခွင့် ရုတ်သိမ်းပေးရန် ရန်ကုန်တွင် ဆန္ဒပြ

ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲထည့်ခွင့် ရုတ်သိမ်းပေးရန် ရန်ကုန်တွင် ဆန္ဒပြ
by -
မဇ္စျိမ

ယာယီသက်သေခံ လက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်သူများ မဲပေးခွင့်ကို ရုတ်သိမ်းပေးရန် ရန်ကုန်အခြေစိုက် ရခိုင်အဖွဲ့အစည်းများပူးပေါင်း၍ ရဟန်းသံဃာများနှင့် လူအင်အား နှစ်ရာကျော်က ဖေဖော်ဝါရီ ၁၁ ရက်က ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှ တာမွေဟစ်တိုင်အထိ လမ်းလျှောက်ဆန္ဒပြခဲ့သည်။

“ဒီဆန္ဒထုတ်ဖော်ပွဲဟာ ဝှိုက်ကတ်ကိုင်ဆောင်သူတွေကို အခြေခံဥပဒေပြင်ဆင်ရေးသာမက မဲထည့်ခွင့် ပေးတာတစ်ခုတည်း မဟုတ်ပါဘူး နောက်လာမယ့် ရွေးကောက်ပွဲတွေမှာပါ မဲပေးခွင့် မပြုဖို့ ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်” ဟု ဦးဆောင်သူတစ်ဦးဖြစ်သူ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်ကပြောသည်။

ဆန္ဒပြပွဲတွင် ဝှိုက်ကတ်ကိုင်ဆိုင်သူများအား မဲပေးခွင့် မပယ်ဖျက်မချင်း ဆက်လက်ဆန္ဒပြမည် ဟူသည့် အချက်အပါအဝင် ထုတ်ပြန်ချက် တစ်ချက် ထုတ်ပြန်ကာ တောင်းဆိုခဲ့သေးသည်။

ဖေဖော်ဝါရီ ၂ရက်က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သော အခြေခံဥပဒေပြင်ဆင်ရေး ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲတွင် ဝှိုတ်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ပေးလိုက်သည့်အချက်ကို ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့်လည်း ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်ထားသည်။

ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်နှင့်စပ်လျဉ်း၍ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း အပါအဝင် အစိုးရ အဖွဲ့တာဝန်ရှိသူများနှင့် ဝှိုက်ကတ်ဆန့်ကျင်ရေးအဖွဲ့ (WCC)တို့ ဆွေးနွေးခဲ့သေးသည်။

ထို ဆွေးနွေးမှုမှ ဝှိုက်ကတ် ကိုင်ဆောင်သူများ မဲပေးခွင့်ကို သမ္မတ အမိန့်ဖြင့် ပြန်လည် ပယ်ဖျက်နိုင်မည့် ထုတ်ပြန်ချက်ကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ပေးမည်ဟု သာသနာရေးဝန်ကြီး ဦးစိုးဝင်းက ပြောကြားခဲ့ သည် ဟု WCC အဖွဲ့ဝင်က ပြောသည်။

ဝှိုက်ကတ်ဖြင့် မဲပေးခွင့်ကို ပယ်ဖျက်ရေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ စုပေါင်းလက်မှတ်ရေး ထိုးကာ အခြေခံဥပဒေခုံရုံးသို့ တင်ပို့ထားပြီး ခုံရုံး၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းလျက်ရှိသည်။

၀ိှုက်ကတ်ကိုင်ဆောင်သူများသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့တွင် ဆန္ဒမဲပေးခွင့်ရရှိခဲ့သည်။

ဝှိုက်ကတ်ကိုင်ဆောင်သူများသည် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင်ရှိပြီး ဘင်္ဂလီလူမျိုးများ၊ တရုတ်လူမျိုးများနှင့် မြန်မာတိုင်းရင်းသားအချို့သည်လည်း ဝှိုက်ကတ်ကိုင်ဆောင်ကြသည်။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝှိုက်ကတ်ကိုင်ဆောင်သူ တစ်သန်းခွဲရှိပြီး ရခိုင်ပြည်နယ်တွင် ခုနှစ်သိန်းရှိသည်။