ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက််သော (၆၈)နှစ် မြောက် ပြည်ထောင်စုနေ့ပွဲသို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ် တက်ရောက်မည် ဖြစ်ပြီး အစိုးရကမ်းလှမ်းသော ငြိမ်းချမ်းရေး သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ထားသည်ဟု RCSS၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီမှ လက်ထောက် အတွင်းရေးမှူး စိုင်မိဏ်းက မဇ္စျိမကို ပြောသည်။
“ကျွန်တော်တို့ ရ ရက်နေ့မှာ ငြိမ်းချမ်းရေးဖော်ဆောင်ရေး သဘောတူညီချက်ပေါ့နော်။ တိုင်းရင်းသားတွေဘက်က ပြင်ဆင်ထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိမယ်ဆိုရင်တော့ ကျွန်တော်တို့ မူအရ လက်မှတ်ထိုးမယ်လို့ ဆုံးဖြတ်ချက်ထားပါတယ်” ဟု စိုင်မိဏ်းက ပြောသည်။
အစိုးရနှင့် နေပြည်တော်တွင် ပြည်ထောင်စုနေ့ အခမ်းအနားတက်ရန် ရောက်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှခေါင်းဆောင်များ ငြိမ်းချမ်းရေးသဘောတူညီရေး နားလည်မှုစာချွန်လွှာအပေါ် လက်မှတ်ရေးထိုးရေးထိုးရေးအတွက် ဖေဖော်ဝါရီ ၁၁ရက် မွန်းလွဲ ၂ နာရီတွင် အစည်းအဝေး ကျင်းပမည်ဟုလည်း ၎င်းက ပြောသည်။
လက်ရှိ နေပြည်တော်တွင် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်ရန်အတွက် RCSS ဥက္ကဋ္ဌ ယွပ်ဆစ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ မူတူးစေးဖိုးတို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူက ဆိုသည်။ အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၆ဖွဲ့လုံးကို ဖိတ်ကြားထားပြီး ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA ) မှ ကိုယ်စားလှယ်များလည်း တက်ရောက်မည်ဟု သိရှိရကြောင်း သူက ပြောသည်။
ကရင်အမျိုးသား အစည်းအရုံးကလည်း ကေအန်ယူ၏ မူဝါဒ၊ လမ်းစဉ်၊ ရပ်တည်ချက်များနှင့် သွေဖယ်ခြင်း မရှိပါက သဘောတူမည်ဖြစ်သော်လည်း အခြားသော လက်နက်ကိုင်အဖွဲ့များ၏ သဘောဆန္ဒနှင့်လည်း မဆန့်ကျင်ဘဲ ညှိနှိုင်းလုပ်ဆောင်သွားမည်ဟု ကေအန်ယူ၏ ဗဟိုအမြဲတမ်းကော်မတီ ၃ကြိမ်မြောက် အစည်းအဝေးအပြီး ဖေဖော်ဝါရီ ၉ရက်က ထုတ်ပြန်ထားသည်။
“တစ်စုံတစ်ရာ အစိုးရဘက်က စဉ်းစားထားချက်ရှိတယ်လို့ ကျနော်တို့ ယူဆနေရတယ်။ သဘောတူညီချက် ထုတ်ပြန်နိုင်တဲ့အနေအထားရှိတဲ့အပေါ်မှာ ကျနော်တို့က ကြိုတင်စဉ်းစားပြီးတော့ သဘောထားမှတ်ချက်ချ တာပါ။ "တစ်စုံတစ်ရာ ထုတ်ပြန်ချက်ထုတ်ရင် ကျွန်တော်တို့ ကေအန်ယူရဲ့ မူဝါဒလမ်းစဉ်နဲ့ မဆန့်ကျင်ဖို့၊၊ ကျွန်တော်တို့တစ်ဖွဲ့တည်း မဟုတ်ဘဲ။ တက်ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေအားလုံး သဘောတူညီမှု ပါဝင်ဖို့ လက်ခံဖို့ ရှိဖို့ လိုအပ်တယ်ဆိုတာ ထောက်ပြ တာ ဖြစ်ပါတယ်”ဟု KNU ၏ တွဲဘက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုမန်းမန်းက မဇ္စျိမကို ပြောသည်။
ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP)ကမူ ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်မည် မဟုတ်ဟု KNPP ဒုဥက္ကဌ ခူဦးရယ်က ပြောသည်။ သို့သော် အသေးစိတ်ကိုမူ ပြောကြားခြင်း မရှိပေ။ တအာင်းတပ်မတော် (TNLA)ကမူ လက်ရှိ အစိုးရနှင့် တိုက်ပွဲများ ဖြစ်ပွားနေ၍ တက်ရောက်နိုင်မည်မဟုတ်ဟု အကြောင်းကြားထားကြောင်း RCSS အဖွဲ့မှ စိုင်မိဏ်းက ပြောသည်။
ပြည်ထောင်စုနေ့တွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် “ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်”ကို အစိုးရဘက်က ဖေဖော်ဝါရီ ၅ရက်တွင် တိုင်းရင်းသားများထံ အကြောင်းကြားထားပြီးဖြစ်ကာ တိုင်းရင်းသားအဖွဲ့များဘက်ကလည်း လက်မှတ်ထိုးနိုင်ရေးအတွက် ညှိနှိုင်းထားမှုများ ရှိသည်ဟု မဇ္စျိမကို ပြောသည်။
“ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ နားလည်မှု ရယူထားတဲ့ စာချွန်လွှာပေါ့နော်။ သူတို့ ခေါင်းစဉ်ထည့်ထားတာတော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်ပေါ့နော်။ အစိုးရဘက်က စီစဉ်ထားတယ်။ တိုင်းရင်းသားဘက်ကလည်း ပြင်ဆင်ထားတာရှိတယ်။ ဒီနှစ်ခုကြားထဲမှာ အတူတကွ လက်မှတ်ရေးထိုးနိုင်အောင် ညှိနှိုင်းထားကြတာပေါ့နော်” ဟု သူက ပြောသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကတိကဝတ် လက်မှတ်ရေးထိုးရန် တောင်းဆိုထားသည်။