လမ်းမကြီး မဖောက်ခင်က ရှိပြီးအိမ်များကို မဖယ်ဟု ဝန်ကြီးပြော

လမ်းမကြီး မဖောက်ခင်က ရှိပြီးအိမ်များကို မဖယ်ဟု ဝန်ကြီးပြော
by -
မဇ္စျိမ

နေပြည်တော် (မဇ္ဈိမ)။ ။ မြို့၊ ရွာများအတွင်း လမ်းမကြီးများတိုးချဲ့ဖောက်လုပ်ရာတွင် ထိုလမ်းမကြီးများ မဖောက်မီက ဆောက်လုပ်ထားသည့် အဆောက်အအုံများကို ဖယ်ရှားမည် မဟုတ်ဘဲ လက်ရှိတည်ရှိနေသည့် အတိုင်း ဆက်လက်ထားရှိမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြည်ထောင် စုဝန်ကြီးကိုယ်စား ပြည်သူ့လွှတ်တော်သို့ ဖြေကြားခဲ့သည်။

''မြို့တွင်း၊ ရွာတွင်းအပိုင်းမှာ လမ်းမကြီးများ တိုးချဲ့ဖောက်လုပ်မည်ဆိုပါက လမ်းမကြီးများ မဖောက်မီက ဆောက်လုပ်ထားတဲ့ အဆောက်အအုံများကို ဖယ်ရှားမည်မဟုတ်ဘဲ လက်ရှိတည်ရှိနေသည့် အတိုင်းသာထားရှိမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ လမ်းနယ်နိမိတ်အတွင်း ကျူးကျာ်ဝင်ရောက်လာတဲ့ အဆောက်အအုံများကိုလည်း လမ်းမကြီးများ ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု ၎င်းက ဇန်နဝါရီ ၁ဝ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဟိုပုန်းမြို့မဲဆန္ဒနယ် အမတ် ဦးခွန်သိန်းဖေ၏ အမေးကို ဖြေကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

Road

ဦးခွန်သိန်းဖေက ''လမ်းပန်းဆက်သွယ်ရေးတွေ များစွာ တိုးတက်ကောင်းမွန်လာသည်နှင့် အမျှ ပြည်သူများ သည် လမ်းဘေးဝဲယာသို့ ပြောင်းရွှေ့ အခြေချနေထိုင်မှုများ လာကြပါတယ်။ စျေးဆိုင်ခန်းများဆောက် လုပ် နေထိုင်ခြင်းလည်း အထူးပင်များပြားလျက်ရှိပါတယ်။ ယင်းသို့ ရွှေ့ပြောင်းနေထိုင်လာရာ တွင် ဆောက်လုပ်ပြီးသည့် လမ်းများမှာ လမ်းဧရိယာ လုံလောက်စွာ မသတ်မှတ်ရသေးခြင်း၊ လမ်းသားများ လမ်းဧရိယာများ လုံလောက်စွာ ရယူထားခြင်း မရှိသည့်အတွက် ပြည်သူများသည် လမ်းဧရိယာအတွင်း ကျူးကျော်နေထိုင်သကဲ့သို ့ ဖြစ်နေသည့်အပြင် အခိုင်အမာ အုတ်တံတိုင်းများ ခတ်ခြင်း၊ တိုက်အိမ် များဆောက်လာခြင်းတို့ရှိသည့်အတွက် နောင်တွင် လမ်းချဲ့လိုသည့်အခါ ပြည်သူနှင့် တိုက်ရိုက်ပြဿနာ ဖြစ်လာနိုင်ပါတယ်'' ဟု လွှတ်တော်သို့ တင်ပြခဲ့ပြီး နိုင်ငံတစ်ဝန်းလုံးရှိ လမ်းများအား လမ်းသားများ၊ လမ်းဧရိယာများ လုံလောက်စွာ ဖောက်လုပ်ရယူ သတ်မှတ်ထားရန် အစီအစဉ်ရှိမရှိ မေးခွန်းမေးခဲ့ခြင်းဖြစ်သည်။

''လမ်းနယ်နိမိတ်များ သတ်မှတ်ထားရှိမှုက အမြန်လမ်းမကြီးကို ပေ ၄ဝဝ၊ နိုင်ငံတကာလမ်းမကြီးကို ပေ ၂၂ဝ၊ ပြည်ထောင်စုလမ်းမကြီးကို ပေ ၁၅ဝ၊ တိုင်းဒေသကြီး ပြည်နယ်နဲ့ ခရိုင်လမ်းမများကို ပေ ၁၅ဝ၊ မြို့နယ်နှင့် ကျေးရွာချင်းဆက် လမ်းများကို ပေ ၁ဝဝ တို့ဖြစ်ပါတယ်'' ဟု ဒုတိယဝန်ကြီး ဦးစိုးတင့်က ဖြေကြားခဲ့သည်။

လမ်းမကြီးများတည်ဆောက်ရာတွင် ဦးစားပေးအဆင့်များ ခွဲထားမှုအပေါ် ဒု-ဝန်ကြီးက နိုင်ငံတကာဆက် သွယ်ရေးလမ်းနှင့် ပြည်ထောင်စုလမ်းများကို ဦးစားပေး (၁) အဖြစ်လည်းကောင်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ချင်းဆက်လမ်းများကို ဦးစားပေး(၂) အဖြစ်လည်းကောင်း ခရိုင်မြို့နယ် လမ်းများကို ဦစားပေး(၃)အဖြစ်လည်းကောင်း ခွဲဲခြားပြီး ငါးနှစ်၊ ၁ဝ နှစ်၊ အနှစ် ၂ဝ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် လျက်ရှိရာ ပထမဦးစားပေးလမ်းများကို အာဆီယံလမ်းမကြီးများ အဆင့် (၂)ဖြစ်သည့် ၂၄ ပေအကျယ် ကတ္တရာလမ်းများအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ဒုတိယနဲ့ တတိယ ဦးစားပေးလမ်းများကို အနည်းဆုံး ၁၂ ပေအကျယ် ကတ္တရာလမ်း အဆင့်အဖြစ်လည်းကောင်း နိုင်ငံတကာနှင့် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တံတားများကိုလည််း သံကူကွန်ကရစ်တံတားများအဖြစ် တည်ဆောက်သွားမည်ဟု ဖြေကြားခဲ့သည်။

''ဖော်ပြပါအတိုင်း သတ်မှတ်ထားသော်လည်း မြို့ထဲလမ်းများအတွက် လမ်းနယ်နိမိတ်မှာ ၂၄-၇-၂ဝ၁၄ လမ်းမကြီးများဥပဒေ ပုဒ်မ ၁ဝ(က)အရ မြို့တွင်း၊ ရွာတွင်း လူနေ အိမ်အဆောက်အအုံများ တည်ရှိမှု အခြေအနေ၊ မြို့ပြဖွံ့ဖြိုးမှု အခြေအနေ၊ အခြားတည်ဆောက်ဆဲ မြို့ပြဆိုင်ရာ ဥပဒေများရဲ့ အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားရန် ဖော်ပြထားပါတယ်'' ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။

တစ်နိုင်ငံလုံးရှိ လမ်းအရှည် ၉၈,၉၉၃ မိုင်အနက် ၂၄,၉၃၄ မိုင် ခြောက်ဖာလုံ (ရာခိုင်နှုန်းအားဖြင့် ၂၆ ရာခိုင်နှုန်း)ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ထိန်းသိမ်းဆောင်ရွက်လျက်ရှိရာ ကတ္တရာလမ်း အဆင့် ၅၁ ရာခိုင်နှုန်းနှင့့် ကျောက်လမ်း အမာခံလမ်း မြေလမ်းက ၄၉ ရာခိုင်နှုန်းတို့ ဖြစ်သည်ဟု ဆိုသည်။

Most read this week