၀ိှုက်ကတ်မဲပေးခွင့် ကန့်ကွက်ဆန္ဒပြမည့် အစီအစဉ်မြောက်ဦးတွင် ခွင့်ပြုလိုက်ပြီ

၀ိှုက်ကတ်မဲပေးခွင့် ကန့်ကွက်ဆန္ဒပြမည့် အစီအစဉ်မြောက်ဦးတွင် ခွင့်ပြုလိုက်ပြီ
by -
နိရဥ္စရာ

၀ိှုက်ကတ်ကိုင်သူများ ဆန္ဒမဲပေးရန် လွှတ်တော်က ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့် ဆန္ဒပြခွင့်ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေ့စွဲဖြင့် သက်ဆိုင်ရာက မြောက်ဦးမြို့တွင် ခွင့်ပြုလိုက်ပြီဟု ဆန္ဒပြခွင့်လျှောက်ထားသူ ဦးအေးမောင်သန်းက ပြောသည်။

“ကျွန်တော်တို့ ဒီလ ၁၀ ရက်နေ့မှာ ခွင့်ပြုချက်ကျပါတယ်။ မြောက်ဦးမြို့မှာ ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာ တမြို့လုံးအတိုင်းအတာနဲ့ ဆန္ဒပြကြမှာပါ” ဟု သူက ဆိုသည်။

m-uu-540x320

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် သျှစ်သောင်းဘုရားရှေ့ကွင်းပြင်အား စုရပ်သတ်မှတ် ထားပြီး ယင်းက တဆင့် ရန်ကုန်-စစ်တွေ ကားလမ်းအတိုင်း သျှစ်သောင်းဘုရားလမ်းဆုံ၊ ယင်းမှတဆင့် အလယ်စျေးလမ်းဆုံ၊ ကုန်သည်လမ်းဆုံ၊ တောင်ရပ်လမ်းဆုံ၊ လက်ကောက်စျေး ဘုန်းကြီးကျောင်းလမ်းဆုံ၊ အထက(၁) ဖြတ်လမ်း၊ အလိုတော်ပြည့်လမ်းဆုံ၊ ဆင်ချဆိပ်လမ်းဆုံ၊ ကြက်စျေးလမ်းဆုံထိ ချီတက်ဆန္ဒပြကြမည်ဖြစ်ပြီး သျှစ်သောင်းဘုရား ရင်ပြင်တွင် ပြန်လည်စုဆုံကာ လူစုခွဲကြမည်ဟု သိရသည်။

မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက လူ ၅၀၀ ခွင့်ပြုသော်လည်း သောင်းချီ ပါ၀င်နိုင်သည်ဟု ဒေသခံများ က ပြောဆိုသည်။

ကြွေးကြော်ကြမည့် ကြွေးကြော်သံများမှာ- White card ကိုင်ဆောင်သူများ မဲပေးခွင့်မရရေး (ဒို့အရေး)၊ နိုင်ငံခြားသားများ မဲပေးခွင့် မရရှိရေး (ဒို့အရေး)၊ သူခိုးကို ဓါးရိုးကမ်းသူများ (အလိုမရှိ)၊ တိုင်းပြည်ကို ရောင်းစားသူများ (ရာထူးက နုတ်ထွက်) နှင့် နိုင်ငံခြားသားများလက်ကို တိုင်းပြည်ကို ထိုးအပ်သူ (ဒို့ရန်သူ)တို့ဖြစ်ကြပြီး သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကလည်း ယင်းကြွေးကြော်သံများကို ကြွေးကြော်ရန် ခွင့်ပြုခဲ့သည်။

“အဓိက ပြောချင်တာကတော့ဗျာ တိုင်းပြည်ကို အာဏာရထားသူတွေက ရခိုင်ကို နိုင်ငံရေး ကစားရင်း၊ ကစားရင်းနဲ့ ရခိုင်လူမျိုးဆိုတာ နယ်မြေပျောက်၊ လူမျိုးပါ ပျောက်သွားနိုင်ပါတယ်။ ခုဝှိုက်ကတ်ကိုင်ထားသူတွေကို မဲပေးခွင့်ပြုလိုက်ရင် ကျွန်တော်တို့ ရခိုင်လူမျိုးတွေရဲ့ အနာဂတ်ဟာ အထူးစိုးရိမ်စရာ အခြေအနေကို ရောက်သွားနိုင်တဲ့အတွက် ခုလို ဆန္ဒုပြ ကန့်ကွက်ဖို့ စီစဉ်ရတာပါ” ဟု ဦးအေးမောင်သန်းက ပြောသည်။

ဆန္ဒပြပွဲအတွက် မြောက်ဦးဒေသခံ ဦးအေးမောင်သန်းနှင့် ဦးအောင်ကျော်ဖြူတို့မှ ဦးဆောင်ကာ ခွင့်ပြုချက် လျှောက်ထားခဲ့ကြသည်ဟု သိရသည်။

ဆန္ဒပြပွဲကို နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီထိ ပြုလုပ်သွားမည်ဟု သိရသည်။

Most read this week