မွန်နှင့် ထားဝယ်သပိတ်စစ်ကြောင်း ဧရာဝတီစစ်ကြောင်းနှင့် ပူပေါင်းရန် မော်လမြိုင်မြို့မှထွက်ခွာ

မွန်နှင့် ထားဝယ်သပိတ်စစ်ကြောင်း ဧရာဝတီစစ်ကြောင်းနှင့် ပူပေါင်းရန် မော်လမြိုင်မြို့မှထွက်ခွာ
by -
မွန်အေဂျင်စီ

မွန်ကျောင်းသားနှင့် ထားဝယ်ကျောင်းသား သပိတ်စစ်ကြောင်းတို့ ဧရာဝတီကျောင်းသား သပိတ်စစ်ကြောင်းနှင့် ပူပေါင်းရန် မော်လမြိုင်မြို့မှ ဖေဖေါ်ဝါရီလ ၁၀ရက်နေ့ ညနေတွင် ကားများဖြင့် ထွက်ခွာလာကြပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ မွန်နှင့် ထားဝယ် ကျောင်းသားသပိတ်စစ်ကြောင်းသည် ဖေဖေါ်ဝါရီလ ၁၀ရက်နေ့ နံနက် ၉ နာရီခန့်တွင် မော်လမြိုင်မြို့၌ ဒုတိယအကြိမ်မြောက် သပိတ်မှောက်ဆန္ဒပြခဲ့ကြသည်။

imna110202

သပိတ်ဒုတိယမြောက်နေ့ နံနက်ပိုင်းမှစကာ မွန်ပြည်နယ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ဘုန်းမြတ်မိုးကို မြို့ခံရပ်မိရပ်ဖ အချို့မှ ထိန်းသိမ်းထားခဲ့သော်လည်း ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သည်။

“ဘုန်းမြတ်မိုး အခု ရှေ့တန်းကနေ ပြန်ပြီး ပါလာပါတယ်၊ စစ်ကြောင်းချီတက်နေတဲ့ ကျောင်းသားတွေ အခုထိ လုံးဝ မနားကြသေးပါဘူး”  ၁၀ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် သပိတ်နှင့် အတူပါလာသော မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

ဖေဖေါ်ဝါရီလ ၁၀ရက်နေ့ သပိတ်စစ်ကြောင်းမှ ကျောင်းသားများသည် မော်လမြိုင်နည်းပညာတက္ကသိုလ်တွင် တရားပောာပြောခဲ့ကြပြီး မော်လမြိုင် နည်းပညာတက္ကသိုလ်မှ ကျောင်းသားအများအပြား သပိတ်တွင်း ပါဝင်လာပြီး သပိတ်မှောက်ကျောင်းသားအင်အား ၄၀ဝ ခန့် ရှိခဲ့ကြောင်း မြို့ခံများ၏ ပြောပြချက်အရသိရသည်။

သပိတ်မှောက်ကျောင်းသားများကို မော်လမြိုင်ဒေသခံ ၁၀ဝဝခန့်က ဝန်းရံခဲ့ကြပြီး သထုံမြို့ အဝင်အထိ လိုက်ပါ ပို့ဆောင်ခဲ့ကြသည်။

သို့သော် မွန်ပြည်နယ် ကျောင်းသားသမဂ္ဂမှ အဖွဲ့ဝင်အချို့မှာ ၎င်းတို့၏ စားမေးပွဲနီးနေခြင်းနှင့် ၄ ပွင့်ဆိုင်ဆွေးနွေးပွဲ အခြေအနေအား စောင့်ကြည့်ရန် သပိတ်တွင် မပါဝင်ခဲ့ကြကြောင်း သမဂ္ဂအဖွဲ့ဝင်အချို့ထံမှ သိရသည်။

“ကျွန်တော်တို့ အဖွဲ့ဝင်ကျောင်းသားတွေ စာမေးပွဲနီးတာလည်းပါတယ်၊ ပြီးတော့ ၁၂ ရက်နောက်ပိုင်း ဆွေးနွေးပွဲကိုလည်း စောင့်ကြည့်ချင်တယ်”ဟု မွန်ပြည်နယ်ကျောင်းသားသမဂ္ဂ မှ ကိုပာန်တလမွန်က ပြောသည်။

မွန်ပြည်နယ်နှင့် ထားဝယ်ကျောင်းသားများပါဝင်သော သပိတ်စစ်ကြောင်းသည် သထုံမြို့မှ ကားများဖြင့် ထွက်ခွာကာ မွန်ပြည်နယ်မှ မြို့တစ်မြို့တွင် ခရီးတစ်ထောက်နားကာ ဆက်လက်ချီတက်ကြမည်ဖြစ်ကြောင်း သိရသည်။

မွန်နှင့် ထားဝယ် ကျောင်းသားသပိတ်စစ်ကြောင်းသည် မော်လမြိုင်မြို့တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့က ပထမအကြိမ် ချီတက် သပိတ်မှောက်ခဲ့ကြပြီး မော်လမြိုင်တက္ကသိုလ်ရှေ့တွင် ပောာပြောမှု ပြုလုပ်ခဲ့ကြသည်။

အလားတူ ထိုနေ့တွင် မော်လမြိုင်မြို့ပေါ်တွင် သပိတ်မှောက်ကျောင်းသားများကို ဆန့်ကျင်သည့် ဒေသခံအချို့မှလည်း တန်ပြန် ဆန္ဒထုတ် ဖော်မှုတစ်ရပ် ပြုလုပ်ခဲ့သည်။

Most read this week