ဝှိုက်ကတ်ဖြင့် ဆန္ဒပြုခွင့် သမ္မတအမိန့်ဖြင့် ငါးရက်အတွင်း ပြန်လည် ပယ်ဖျက်ဖွယ်ရှိနေ

ဝှိုက်ကတ်ဖြင့် ဆန္ဒပြုခွင့် သမ္မတအမိန့်ဖြင့် ငါးရက်အတွင်း ပြန်လည် ပယ်ဖျက်ဖွယ်ရှိနေ
by -
မဇ္စျိမ

လာမည့်မေလအတွင်း ကျင်းပဖွယ်ရှိသည့် အခြေခံဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြုနိုင်ရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံလက်မှတ်(White Card) ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုမှုအပေါ် သမ္မတအမိန့်ဖြင့် ငါးရက်အတွင်း ပယ်ဖျက်နိုင်ဖွယ်ရှိကြောင်း ရန်ကုန်တွင် ဆန္ဒထုတ် ဖော်ရန်စီစဉ်နေသည့် ယာယီသက်သေခံလက်မှတ်မဲပေးခွင့် ပယ်ဖျက်ရေး ကော်မတီ(WCC)၏ ပြန်ကြားရေးတာဝန်ခံ မောင်းတီးဆရာတော်က မိန့်သည်။

White Card ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုခြင်းကို ရန်ကုန်နှင့် ရခိုင်ပြည်နယ်တွင် ကန့်ကွက်ဆန္ဒပြကြ ရန် စီစဉ်နေသည့်အချိန်တွင် သာသနာရေးဝန်ကြီးက ယခုလ ၁၅ရက်တွင် အားလုံးကျေနပ်လက်ခံ မည့် ကြေညာချက် တစ်စောင် သမ္မတအမိန့်ဖြင့် ထုတ်ပြန်ပေးရန် ကတိပေးခဲ့သည်ဟု မောင်းတီး ဆရာတော်က မိန့်သည်။

WCC ကော်မတီနှင့် သာသနာရေး ဝန်ကြီး ဦးစိုးဝင်းတို့ ဖေဖော်ဝါရီ ၁ဝရက်က ရန်ကုန်တွင် တွေ့ဆုံ ခဲ့ခြင်း ဖြစ်ပြီး ''သူတို့ (သာသနာရေး ဝန်ကြီး)ဘက်က ၁၅ ရက်မှာ White Card ပယ်ဖျက်ရေးကိစ္စကို အမြန်ဆုံး ဆောင်ရွက်နေတယ်။ ဒီဥစ္စာကို အစိုးရ လုပ်ထုံးလုပ်နည်းအရ အကြပ်အတည်း အခက်အခဲဖြစ်နေတာကြောင့် လျင်လျင်မြန်မြန်မဆောင်ရွက်နိုင်ပေမယ့် ၁၅ ရက်အတွင်းမှာတော့ ကျေနပ်တဲ့ အဖြေမျိုးဖြစ်အောင် ဆောင်ရွက်ပေးမယ်ဆိုတဲ့အကြောင်း လာပြောတာပါ'' ဟု မောင်းတီးဆရာတော် ဦးသဒ္ဓမ္မက မိန့် သည်။

သာသနာရေးဝန်ကြီးနှင့် တွေ့ဆုံမှုရလဒ်ကို WCC က ဖေဖော်ဝါရီ ၁ဝရက် ည ၆နာရီတွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် ''ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းမှ ၁၅-၂-၂ဝ၁၅ ရက်နေ့အတွင်း နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် ဝှိုက်ကတ်များကို ဆန္ဒမဲပေးခွင့် ပယ်ဖျက်ပေးရန် တောင်းဆိုသော WCC၏ တောင်းဆိုချက်ကို လိုက်လျော၍ ကြေညာချက်တစ်ခုကို ထုတ်ပြန်ပေးရန် သဘောတူညီကြပါသည်'' ဟု ပါရှိသည်။

''အများနှစ်သက်တဲ့ အဖြေမျိုးဖြစ်မယ်ဆိုပြီးတော့ ပြောပါတယ်'' ဟု သာသနာရေး ဝန်ကြီးနှင့် တွေ့ဆုံခဲ့သည့် WCC ကော်မတီမှ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကလည်း မိန့်သည်။

သာသနာရေး ဝန်ကြီး၏ အထက်ပါ ကတိကြောင့် ကော်မတီသည် ဖေဖော်ဝါရီ ၁၁ရက်ကစပြီး ရန်ကုန်မြို့တွင် ဆန္ဒပြမည့် အစီအစဉ်ကို ရပ်ဆိုင်းထားမည်ဖြစ်သည်။

သို့သော် ''မူလတောင်းဆိုထားသော အချက်နှစ်ချက်ကို မရရှိပါက မည်သည့် အကြောင်းပြချက် ကိုမျှ စောင့်ဆိုင်းတော့ မည်မဟုတ်ဘဲ ၁၆ ရက်တွင် ဆန္ဒထုတ်ဖော်ခြင်းကို တစ်ပြည်လုံးအတိုင်းအတာဖြင့် ပြုလုပ်သွားမည်''ဟုလည်း WCC ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

WCC တောင်းဆိုထားသည့် အချက်နှစ်ချက်မှာ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူများအား ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် အတည်ပြုမည့် လူထုဆန္ဒခံယူပွဲတွင် သာမက မည်သည့်ရွေးကောက်ပွဲတွင်မဆို မဲပေးခွင့်မပြုရန် ဖြစ်သည်။

မောင်းတီးဆရာတော်ကလည်း ''ကျေနပ်လောက်တဲ့ အဖြေမျိုးမဟုတ်ခဲ့ရင်တော့ ၁၆ ရက်နေ့မှာ စပြီးဆန္ဒပြမယ်'' ဟု မိန့်ကြားသည်။

Most read this week