လောက်ကိုင်တွင် အစိုးရတပ်နှင့် တိုင်းရင်းသားတပ်ပေါင်းစုအဖွဲ့များ တိုက်ပွဲပြင်းထန်နေ

လောက်ကိုင်တွင် အစိုးရတပ်နှင့် တိုင်းရင်းသားတပ်ပေါင်းစုအဖွဲ့များ တိုက်ပွဲပြင်းထန်နေ
by -
မဇ္စျိမ

ရှမ်းပြည်အရှေ့မြောက်ဘက် လောက်ကိုင်ဒေသတွင် ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရစစ်တပ်တို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေသည်ဟု ကိုးကန့်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်မြတ်လင်းက မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ရ နာရီမှစတင်၍ ကုန်းကြမ်းမြို့နယ် ဖုန်းရွှေရှန်းဒေသနှင့် ဂျိုထိုရှန်းဒေသ နှစ်နေရာတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA)၊ ရခိုင်တပ်မတော် (AA)နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA) ပူးပေါင်းတပ်ဖွဲ့အား အစိုးရ၏ တပ်မ ၃ ခုလက်အောက်ခံ တပ်ဖွဲ့များက ရဟတ်ယာဉ် ၃ စီးအသုံးပြု၍ တိုက်ခိုက်နေသည်ဟု သူက ပြောသည်။

“ခုထိ ၂နာရီခွဲ တိုက်ပွဲဖြစ်နေတုန်းပါ။ တာရွှေထန်ရဲ့ အနောက်မြောက်ပိုင်းမှာ ဖြစ်တယ်။ ဒီမနက် ရ နာရီကနေ စဖြစ်တယ်။ မနေ့ကတော့ ဟတ်စကီး ၃ စီးသုံးပြီး တိုက်တယ်။ ဒီနေ့လည်း ဟတ်စကီး ၂ စီးနဲ့ ဆက်တိုက်တယ်။ ဟတ်စကီးကနေ ဗုံးလည်း ကျဲတယ်။ စက်သေနတ်နဲ့လည်း ပစ်တယ်” ဟု ကိုးကန့်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောသည်။

အစိုးရ တပ်မတော်ဘက်မှ တပ်မ ၈၈၊ ၅၅၊ စကခ ၁၆၊ ရမခ ၁၄ တပ်ဖွဲ့တို့ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိ အစိုးရ တပ်မတော်၏ တပ်မ ၃၃ နှင့် ရ၇ တပ်များ ဆက်လက် အင်အားတိုးမြင့်လာနေသည်ဟု ကြားသိရကြောင်း သူက ပြောသည်။

ဖေဖော်ဝါရီ ၁၀ရက် တိုက်ပွဲတွင် အစိုးရဘက်မှ ကျဆုံးမှု မရှိရသေးသော်လည်း ကိုးကန့်တပ်ဘက်မှ ၁ ဦး ကျဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဦးထွန်းမြတ်လင်းက ပြောသည်။

ဖေဖော်ဝါရီလ ၉ ရက်ကလည်း ကုန်းကြမ်းမြို့နယ် မော့ထိုက်၊ ညောင်ခွမ်း၊ ဖုးန်ရွှေရှန်းနှင့် လောက်ကိုင်မြို့နယ် တောင်ရွှေ စသည့် နေရာ ၄ ခုတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရဘက်မှ ရဲဘော် ၄ ဦး ကျဆုံးသည်ဟု သိရပြီး ကိုးကန့်တပ်ဘက်မှ ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု သူက ပြောသည်။

“ကျွန်တော်တို့က သံလွင်မြစ်ရဲ့ အနောက်ဘက်ခြမ်းမှာ ကျွန်တော်တို့ မဟာမိတ်တပ်တွေ ပူးပေါင်းပြီးတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ပပျောက်ရေး လုပ်ဆောင်နေတဲ့အချိန်မှာ သူတို့က တပ်မတော်ဘက်ကနေ အင်အား အလုံးအရင်းသုံးပြီးတော့ တိုက်နေတာဗျာ၊ ကျွန်တော်တို့က အင်အားလည်း နည်းတယ်။ လက်နက်လည်း နည်းတယ်ဆိုတော့ ကျွန်တော်တို့ ထွက်ပြေးရတယ်လို့ ပြောရမှာပေါ့။ အခုနေရာက ကျွန်တော်တို့ နယ်မြေပါ။ ကျွန်တော်တို့ ပြန်ပြီး ခုခံရတာပါ”ဟု ဦးထွန်းမြတ်လင်းက ပြောသည်။

တိုက်ပွဲကြောင့် လောက်ကိုင်မြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာသားများ တရုတ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေပြီး အနည်းဆုံး ထောင်ဂဏန်းရှိမည်ဟု ဦးထွန်းမြတ်လင်းက ခန့်မှန်းပြောဆိုသည်။

လောက်ကိုင်မြို့ အနောက်မြောက်ဘက် ညံခွမ်းကျေးရွာ အရှေ့မြောက်ဘက်တွင် နှစ်ကြိမ်၊ လောက်ကိုင်မြို့ အနောက်တောင်ဘက် တောက်ရွှေ့ကျေးရွာအနီးတွင် တစ်ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ မော်ထိုက်မြို့အနီး နယ်မြေလုံခြံုရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စခန်းကို ကိုးကန့် တိမ်းရှောင်အဖွဲ့မှ အင်အားစုအချို့သည် လက်နက်ငယ်များဖြင့် လာရောက် နှောက်ယှက်ပစ်ခတ်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

လောက်ကိုင်၊ ချင်မာလင်ဒေသတွင် ဖေဖော်ဝါရီလ ၁၀ရက် နံနက် ၂ နာရီမှာ ၈ နာရီခွဲချိန်ထိ ကိုးကန့်တပ်ရင်း ၂၊ တအာင်းတပ်မတော် တပ်ရင်း (၉၀၉)၊ ရခိုင်တပ်မတော် ပူးပေါင်းတပ်နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့ပြင် နောင်ကော်ကျေးရွာအနီးတွင်လည်း နံနက် ၈ နာရီခွဲမှစတင်၍ MNDAA တပ်ရင်း (၁၇)၊ TNLA (၄၄၇)နှင့် ရခိုင် တပ်မတော်စစ်ကြောင်းတို့နှင့် မွန်းလွဲပိုင်းထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်ဟု TNLA ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

အစိုးရ စစ်တပ်က ဟတ်စကီး (၃) စီးအသုံးပြု၍ တိုက်ခိုက်ခဲ့ရာ မွန်းလွဲပိုင်းတွင် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တကြိမ်လျှင် အနည်းဆုံး ၈ လုံးခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုထားသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် ခိုမုန်းကျေးရွာအနီး TNLA ၏ တပ်ရင်း ၃၆၇ နှင့် အစိုးရစစ်တပ် တပ်မ ရ၇ တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် အစိုးရဘက်မှ ထိုခိုက်မှုများရှိပြီး ခိုမုန်းကျေးရွာသားများကို ဖမ်းဆီးထိန်းသိမ်းမှုများရှိနေသည်ဟု TNLA က သတင်းထုတ်ပြန်ထားသည်။

၂၀၀၉ခုနှစ် သြဂုတ်လ ၈ရက်တွင် မြန်မာအစိုးရက လက်နက်အင်အားဖြင့် MNDAA၏ ဖွဲ့စည်းပုံကို ပြုပြင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၁)ကို သိမ်းပိုက်ခဲ့သည်။ MNDAAသည် ကိုးကန့်တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေး တန်းတူရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် လက်နက်ကိုင် တိုက်ခိုက်သောစနစ်ဖြင့်  တောင်းဆိုသွားမည်ဟု ဖေဖော်ဝါရီလ ၉ရက်က ကြေငြာချက်ထုတ်ပြန်လိုက်သည်။

ဖုန်ကျားရှင် ဦးဆောင်သော MNDAA ခေါ် ကိုးကန့်တပ်မတော်သည် ၁၉၈၉ ခုနှစ်က မြန်မာအစိုးရ စစ်တပ်နှင့် အပစ်အခတ် ရပ်စဲခဲ့ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလက မြန်မာအစိုးရ စစ်တပ်က မူးယစ်ဆေးဝါးထုတ်လုပ်နေမှုကို ဝင်ရောက်ရှာဖွေခဲ့ရာမှ တိုက်ခိုက်ခဲ့သဖြင့် ဖုန်းကျားရှင်သည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ကိုးကန့်ဒေသကို မြန်မာအစိုးရက ၅နှစ်ကျော် သိမ်းပိုက်ထားခဲ့ခြင်း ဖြစ်သည်။

Most read this week