မသန်စွမ်းသူများအတွက် တက္တသိုလ်အဆင့် ပညာသင် ထောက်ပံ့ငွေ လျှောက်ထားနိုင်

မသန်စွမ်းသူများအတွက် တက္တသိုလ်အဆင့် ပညာသင် ထောက်ပံ့ငွေ လျှောက်ထားနိုင်
by -
မဇ္စျိမ

မသန်စွမ်းသူများအတွက် ၂ဝ၁၅-၁၆ ပညာသင်နှစ်အတွက် တက္ကသိုလ်အဆင့် ပညာသင်ဆု လျှောက်ထားနိုင်ပြီ ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးအောင်ကိုမြင့်က ဖေဖော်ဝါရီ ၉ ရက်က ပြောသည်။

မသန်စွမ်းသူများအတွက် တက္ကသိုလ်ပညာသင်ဆုကို ၂ဝ၁၄-၁၅ ပညာသင်နှစ်အတွက် ၂၆ယောက် ပေးနိုင်ခဲ့ပြီး ယခုနှစ်တွင် အနည်းဆုံး ၂၅ယောက်ပေးအပ်မည်ဟု ၎င်းက ပြောသည်။

Disability

''မသန်စွမ်းရယ်လို့ ဝမ်းနည်းနေမယ့်အစား ကိုယ့်ဘဝအတွက် ဖြည့်ဆည်းပေးနိုင်မယ့်၊ ထောက်ကူပြုမယ့် အဖွဲ့အစည်းတွေကို ရှာဖွေဆက်သွယ်ပြီး တိုးတက်ရာ လုပ်ဆောင်နိုင်အောင် ကျွန်တော်တို့အဖွဲ့က ဆောင်ရွက်ပေးတာပါ''ဟု ဦးအောင်ကိုမြင့်က ပြောသည်။

အဆိုပါ ပညာသင်ဆုကို ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းက ငွေကြေးပံ့ပိုးပေးပြီး မြန်မာ့ အရှေ့တိုင်းဘဏ်နှင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းတို့က ငွေလွှဲပြောင်းခြင်းဆိုင်ရာနှင့် အခြားသော နည်းပညာပိုင်းဆိုင်ရာတို့အတွက် ကူညီပံ့ပိုးပေးသည်ဟု ဆိုသည်။

ယင်းပညာသင်ဆုငွေကို ၂ဝ၁၄ခုနှစ်ကစတင်ကာ လက်ရှိတွင် အဝေးသင်တက္ကသိုလ်နှင့် နေ့ကျောင်းတက် မသန်စွမ်း တက္ကသိုလ်ကျောင်းသား ကျောင်းသူ ၂၆ ဦးကို ပေးအပ်ခဲ့ပြီးဖြစ်သည်။ ပညာသင်ဆု လျှောက် ထားရာတွင် အမှန်တကယ် မသန်စွမ်းသူဖြစ်ရမည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ကြောင်း ထောက်ခံစာနှင့် တက္ကသိုလ်အဆင့်ပညာရေးကို အမှန်တကယ်ဆည်းပူးလိုသောသူဖြစ်ရမည်ဟူသော အချက်များ သတ်မှတ်ထားသည်။

ယခုနှစ်အတွက် ပညာသင်ဆုလျှောက်ထားသည့်ဖောင်များကို ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ မြန်မာ နိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ရှိရာ မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက် သာယာအေးလမ်းတွင် လာ ရောက်ထုတ်ယူလျှောက်ထားနိုင်ပြီ ဖြစ်သည်။

ယင်းပညာသင်ဆုရသူများသည် သက်ဆိုင်ရာတက္ကသိုလ်အလိုက် ပညာသင်ထောက်ပံ့ငွေအဖြစ် တစ်လလျှင် ကျပ်တစ်သိန်းမှ တစ်သိန်းခွဲအထိ ရရှိမည့်အပြင် ပညာသင်ကြားရေးတွင် လိုအပ်သောသင်ထောက်ကူ ပစ္စည်းများအတွက် ချေးငွေလျှောက်ထားနိုင်ပြီး ဒေါ်လာငါးထောင်အထိ ချေးယူနိုင်သည်။

ယင်းချေးငွေကို လုပ်ငန်းခွင်ဝင်ရောက်ပြီးမှသာ ပြန်ဆပ်ရန် လိုအပ်ပြီး ချေးငွေရယူသူများသည် ဘွဲ့ရပြီးချိန်မှ လုပ်ငန်းခွင်တစ်ခုသို့ မဝင်ရောက်နိုင်သေးသည့် ကြားကာလအခြေအနေကို မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့သို့ အစီရင်ခံစာတင်ပြရမည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့သည် မြန်မာနိုင်ငံအနှံ့တွင် အဖွဲ့ခွဲပေါင်း ၁၉ဖွဲ့၊ အဖွဲ့ဝင် ပေါင်း ၂,၄ဝဝ ကျော်ရှိပြီး မသန်စွမ်းသူများအတွက် စွမ်းရည်မြှင့်တင်ပေးခြင်း၊ အသိပညာပေးခြင်းများနှင့် မသန်စွမ်းထောက်ကူပြု ကိရိယာများ ပေးအပ်ခြင်းများကိုလည်း လုပ်ဆောင်ပေးလျက်ရှိသည်။