ဝန်ထမ်း ခရီးစရိတ်နှုန်းထားနှင့် တည်းခိုစရိတ် အပါအဝင် ပြောင်းလဲသတ်မှတ်ပေးမည်

ဝန်ထမ်း ခရီးစရိတ်နှုန်းထားနှင့် တည်းခိုစရိတ် အပါအဝင် ပြောင်းလဲသတ်မှတ်ပေးမည်
by -
မဇ္စျိမ

 နိုင်ငံ့ဝန်ထမ်းများ ခရီးသွားရာတွင် နစ်နာမှုမရှိစေရေးအတွက် တည်းခိုစရိတ်များအပါအဝင် ခေတ်စနစ်နှင့် ကိုက်ညီသည့် နှုန်းထားများကို လာမည့်ဘဏ္ဍာနှစ်တွင် ပြောင်းလဲသတ်မှတ်ပေးသွားမည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ လင်းအောင်က အမျိုးသားလွှတ်တော်တွင် ပြောသည်။

ယခုအခါတွင် လူနေမှုစရိတ်များ ပြောင်းလဲလာသည့်အတွက် လစာနှုန်းထားနှင့် လိုက်လျောညီစေမည့် ခရီးစရိတ်နှုန်းထားအဖြစ် ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောထားတောင်းခံခြင်းအပြင် ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်များ တောင်းခံထားပြီး လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထွန်းအုံးက ဝန်ထမ်းများခရီးသွားလာရာတွင် ယခင်နှုန်းထားအဟောင်းအတိုင်း မဟုက်ဘဲ ဝန်ထမ်းများ နစ်နာမှုမရှိသော ခရီးသွားလာစရိတ် သင့်တော်သောနှုန်းထားအသစ်တမျိုး ပြောင်းလဲသတ်မှတ်ရန် အစီအစဉ်ရှိမရှိ မေးမြန်းမှုအပေါ် ဒုဝန်ကြီးက ဖြေခြင်းဖြစ်သည်။

''နေ့တွက် သတ်မှတ်နှုန်းက အလွန်နည်းပါတယ်။ တည်းခိုခန်း စရိတ်သတ်မှတ်မှုမရှိပါ။ သို့ကြောင့် အမှန်ကုန်ကျစရိတ်နဲ့ နိုင်ငံတော်ကခွင့်ပြုစရိတ် ကွာခြားနေပါတယ်။ ဒါကြောင့် ဘယ်အချိန်မှာ ပြောင်းလဲသတ်မှတ်နိုင်မလဲဆိုတာသိ ချင်ပါတယ်'' ဟု အမျိုးသား လွှတ်တော်အမတ် ဦးနိုင်ထွန်းအုံးက ပြော သည်။

၂ဝ၁၃ခုနှစ်မှစပြီး ယခုအချိန်ထိ ခရီးသွားနေ့တွက်စရိတ်အဖြစ် တစ်ရက်လျှင် ကျပ် ၁,၇ဝဝ သို့ တိုးမြှင့် သတ်မှတ်ပေးခဲ့သည်။ လတ်တလောတွင် ၁၉၂၂ခုနှစ် ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံ ခရီးစရိတ် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ခွင့်ပြုပေးလျက်ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံခရီးစရိတ် နည်းဥပဒေ ၆ (၁)တွင် အမှန်ကုန်ကျစရိတ်ကို ခွင့်ပြုပေးရာတွင် ဝန်ထမ်းသည် ခရီးသွားလာရာ၌ ကိုယ်တိုင်အတွက်ဖြစ်စေ၊ အကူဝန်ထမ်း၊ ကိုယ်ပိုင်ခရီးဆောင်ပစ္စည်း၊ လမ်းတံတားခွန်၊ ခရီးခွန်နှင့် အလုပ်သမားခများကို ခံစားခွင့်ပြုထားသည်။ သို့ရာတွင် ဟိုတယ်ခ၊ တည်းခိုခန်းခနှင့် သယ်ယူသည့် ပစ္စည်းဆုံးရှုံးပျက်စီးခြင်းအတွက် စရိတ်များ၊ အဆာပြေ စားသောက်စရိတ်များ လက်ဆောင်ကြေးများတောင်းခံခွင့် မရှိဟု ဖော်ပြထားသည်။

ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် ၂ဝ၁၃-၁၄နှင့် ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် စက်တင်ဘာလအထိ ကျခံသုံးစွဲခဲ့သည့် အသုံးစရိတ်များ တောင်းခံပြီး ပြန်လည်စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။