ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် အရပ်ဘက်အဖွဲ့အစည်းများ ဘက်လိုက်မှု၊ ပါတီစွဲရှိမှု ကင်းရှင်းရန်လို

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် အရပ်ဘက်အဖွဲ့အစည်းများ ဘက်လိုက်မှု၊ ပါတီစွဲရှိမှု ကင်းရှင်းရန်လို
by -
မဇ္စျိမ

 ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် အရပ်ဘက်အဖွဲ့အစည်းများသည် ဘက်လိုက်မှုမရှိဘဲ ပါတီစွဲ ကင်းရှင်းရန် လိုအပ်သည်ဟု စောင့်ကြည့်လေ့လာမည့် အဖွဲ့အစည်းတစ်ခုဖြစ်သော ပဏ္ဍိတဖွံ့ဖြိုးရေး အင်စတီကျူ Program Officer ကိုဖြိုးတင်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၉ ရက်က ရန်ကုန်မြို့၊ New Ayeyar Hotel တွင် ပြုလုပ်သည့် "နိုင်ငံတကာ စံချိန်စံညွန်း များနှင့် ပြည်တွင်း ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေး" ဖိုရမ်နှင့်ပတ်သက်၍ သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

Election

ကိုဖြိုးတင်ဦးက ''ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ အရပ်ဘက်အဖွဲ့အစည်းအများစု က နိုင်ငံရေးပါတီတွေ ကနေ ဆင်းသက်လာတာဖြစ်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်နဲ့ တခြားအရပ်ဘက် အဖွဲ့အစည်းတွေက ပါတီစွဲကင်းရှင်းရဲ့လားဆိုတာ မေးခွန်းထုတ်လာကြတာမျိုးတွေ ရှိပါတယ်''ဟု ဆိုသည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမည့် အဖွဲ့များအနေဖြင့် အခြေခံအကျဆုံး လိုက်နာရမည့်အချက်သည် မည်သည့်နိုင်ငံရေးပါတီဘက်ကိုမျှ ဘက်လိုက်မှုမရှိပဲ ပုဂ္ဂိုလ်ရေးမဟုတ်သည့် အချက်အလက်အပေါ် အခြေခံသည့် တွေ့ရှိချက်များကို သုံးသပ်တင်ပြရမည်ဖြစ်သည်ဟု ယုံကြည်ရသောရွေးကောက်ပွဲ များ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ အမှုဆောင် ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က ဆိုသည်။

၎င်းက ''ဘက်မလိုက်ဘဲ ရွေးကောက်ပွဲ စောင့်ကြည့်ရေးကိစ္စက အရေးကြီးပါတယ်။ အများအားဖြင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတာကို ပါတီကိုယ်စားလှယ်တွေက စောင့်ကြည့်တာ များပြားနေတယ်'' ဟု ပြောသည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးအရ မဲပေးချိန်တွင် ကိုယ်နှစ်သက်ရာပါတီကို မဲပေးနိုင်သော်လည်း လေ့လာစောင့်ကြည့်သည့် အစီရင်ခံစာရေးသားရာတွင် မိမိနှစ်သက်၍ မဲပေးထားသည့် ပါတီ၏ လိုအပ်ချက်များကိုပါ ထည့်သွင်းရေးသားနိုင်ရမည်ဟု ကိုစိုင်းရဲကျော်စွာမြင့်က ပြောသည်။

ယင်းအပြင် စောင့်ကြည့်လေ့လာသည့် ကာလအတွင်း လုပ်အားပေးကူညီသည့် သူများ၏ ပါတီနိုင်ငံရေး ကင်းရှင်းမှု ရှိမရှိကိုလည်း သတိထားသင့်သည်ဟု ဆိုသည်။

၂ဝ၁၅ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအတွက် စောင့်ကြည့်ရေးအဖွဲ့များက နိုင်ငံတကာစံနှုန်းများဖြစ်သည့် ''ပြည်သူ့ အဖွဲ့အစည်းတို့၏ စောင့်ကြည့်ခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာမူဝါဒများ ကြေညာစာတမ်း အရ'' လေ့လာသွားရန် ဆုံးဖြတ်ခဲ့ကြပြီး ယင်းစံနှုန်းများမှာ သမာသမတ်ကျခြင်း၊ လွတ်လပ်ခြင်း၊ တိကျခြင်း၊ ပွင့်လင်းမြင်သာခြင်း၊ ခွဲခြားဆက်ဆံမှုကင်းခြင်း၊ ဥပဒေစိုးမိုးရေးကို လေးစားခြင်းနှင့် အခြား ရွေးကောက်ပွဲ၌ ပါဝင်ပတ်သက်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစသည်တို့ ဖြစ်သည်။