သမိုင်းကို ဖန်တီးသော ပြည်သူက ဒီမိုကရေစီယဉ်ကျေးမှုသစ်ကို ထူထောင်ကြ

သမိုင်းကို ဖန်တီးသော ပြည်သူက ဒီမိုကရေစီယဉ်ကျေးမှုသစ်ကို ထူထောင်ကြ
by -
မောင်ကျော်စွာ

သဘောထားရပ်တည်ချက်ကလည်း မမှန်၊ စေတနာဆန္ဒကလည်း ဗလာနတ္တိဆိုတော့ ကြံ့ဖွံ့အစိုးရ ကိုင်တွယ်နေသည့် ကိစ္စတိုင်းသည် ရလဒ်ကောင်း၊ အဖြေကောင်း ထွက်ပေါ်မလာတာ ဘာမျှမဆန်းပါ။

“နိုင်ငံရေးလေးပွင့်ဆိုင်” ဆိုသည်မှာလည်း “အပွင့်”တွေကို အကြောင်းပြုပြီး ဘယ်သောင်ဘယ်ကမ်းဆိုက်မှန်းမသိ ရေစုန်မျော လျက်၊ အပစ်အခတ်ရပ်စဲရေး(NCA)ကိစ္စကလည်း တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ရှေ့လည်းမတိုးနိုင်၊ နောက်လည်း မဆုတ်နိုင်၊ ယခုနောက်ဆုံး ပေါ်ပေါက်လာသည့် “ပညာရေးလေးပွင့်ဆိုင်”ကိစ္စမှာလည်း တိုးလို့တန်းလန်းဖြစ်နေသည်။

ကျောင်းသားလူငယ်များဘက်မှ ဆွေးနွေးရန် တင်ပြတောင်းဆိုထားသည့် အောက်ပါအချက် ၁၁ချက်ကို လေ့လာကြည့်ပါ။

၁။ ပညာရေးမူဝါဒများနဲ့ ဥပဒေများ၊ နည်းဥပဒေများ ရေးဆွဲရာမှာ ကျောင်းသားကိုယ်စားလှယ်တွေ ပါဝင်ရေး၊

၂။ ကျောင်းသားသမဂ္ဂများ၊ ကျောင်းဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်လှုပ်ရှားခွင့်နဲ့ ၎င်းသမဂ္ဂများတည်ရှိမှုကို တရားဝင် အသိအမှတ်ပြုရေး၊

၃။ လက်ရှိပြဋ္ဌာန်းပြီးဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေမှာ ပါဝင်တဲ့ အမျိုးသားပညာရေးကော်မရှင်နဲ့ တက္ကသိုလ်များ ပေါင်းစပ်ညှိ နှိုင်းရေးကော်မတီ ဖွဲ့စည်းထားခြင်း၊

၄။ ဒေသအလိုက်နှင့် ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊

၅။ လက်ရှိကျင့်သုံးလျက်ရှိတဲ့ စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်စနစ်များ ပြင်ဆင်ရန်၊

၆။ ကျောင်းသားများ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ်တိုင်လေ့လာစူးစမ်း သင်ယူနိုင်သည့် သင်ကြားနည်းစနစ်များ ပြောင်းလဲရန်၊

၇။ တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကား လွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကား အခြေပြုဘာသာစကားစုံ ပညာရေးစနစ် (mother tongue based multi-ligual education)ကို အမျိုးသားပညာရေးဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းရန်၊

၈။ မသန်မစွမ်းကလေးများ အပါအဝင် ကလေးအားလုံးအတွက် လူတိုင်းအကျံုးဝင် ပညာရေး (inclusive education) ကိစ္စ၊

၉။ ကျောင်းသားအရေးအခင်းများကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ကျောင်းပြန်တက်ခွင့်ကိစ္စ၊

၁၀။ ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ရာခိုင်နှုန်း ၂၀ သတ်မှတ်နိုင်ရေးကိစ္စ၊

၁၁။ အခမဲ့ မသင်မနေရ ပညာရေးစနစ်ကို မူလတန်းအဆင့်သာမက အလယ်တန်းအဆင့်အထိ တိုးမြှင့်ကျင့်သုံးရေးကိစ္စ စသ ဖြင့် ဖြစ်သည်။

ကြံ့ဖွံ့အစိုးရ၌ “တွေ့ဆုံဆွေးနွေးရေး နိုင်ငံရေးယဉ်ကျေးမှုသစ်” ဆိုသည်ကို သွေးရိုးသားရိုး ကိုင်စွဲထားသည်မှန်လျှင် ရင်ဆိုင်လာ ရသည့် ပြဿနာမှန်သမျှကို မဖြေရှင်းနိုင်စရာ အကြောင်းမရှိချေ။ ပညာရေးဥပဒေ ပြင်ဆင်ပေးရန် ကျောင်းသားလူငယ်များက တောင်းဆိုထားသည့် ရက်ပေါင်း ၆၀အတွင်း ဆွေးနွေးညှိနှိုင်းခဲ့မည်ဆိုပါက ယခုလောက်ဆိုလျှင် အတော်ပင် ခရီးရောက်နေ လောက်ပြီ။ ကျောင်းသားလူငယ်များ၏ တောင်းဆိုချက်များကို ကြံ့ဖွံ့အစိုးရက ဂရုမစိုက်၊ အလေးမထားခဲ့သဖြင့် ကျောင်းသားလူ ငယ်များက သပိတ်မှောက်ချီတက် ဆန္ဒပြကြရခြင်းသာဖြစ်သည်။

ကျောင်းသားလူငယ်များဘက်က ရွေးချယ်ဆောင်ရွက်ခဲ့သည့် နည်းလမ်းအဆင့်ဆင့်သည် အကျိုးနှင့်အကြောင်း ဆီလျော်ပြီး နည်းမှန်လမ်းမှန်ဖြစ်သော်လည်း အစိုးရဘက်ကမူ ချော့မြှူလှည့်စားဖြိုခွဲရေးနှင့် ခြိမ်းခြောက်အကြမ်းဖက်ဖြိုခွဲရေးတို့ကို ပုံစံမျိုးစုံ နှင့် ကျင့်သုံးဆောင်ရွက်နေသည်။ အဆင့်ဆင့်သော အစိုးရအုပ်ချုပ်ရေးအာဏာပိုင်များ၏ ပြုမူလုပ်ဆောင်ချက်များသည် အကြမ်းဖက်ရန်လိုမှုများသာဖြစ်နေသည် ကို ကျောင်းသားသပိတ်ချီတက်ဖြတ်သန်းရာ လမ်းတစ်လျှောက်၌ ပုံစံမျိုးစုံဖြင့် နေ့စဉ် တွေ့ကြံုနေရသည်။

ထိုသို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်များ၏ ခြိမ်းခြောက်တားဆီးမှု၊ အာဏာပိုင်များ မွေးမြူထားသည့် လူရမ်းကားများ၏ အကြမ်းဖက်ရန်ပြုလိုသည့် အပြုအမူများ၊ လုပ်ရပ်များကို ရင်ဆိုင်ကြံုတွေ့ခဲ့ရသော်လည်း သပိတ်ချီတက်ဖြတ်သန်းရာ လမ်းတစ် လျှောက်ရှိ ဒေသခံရဟန်းရှင်လူ မိဘပြည်သူများ၏ ထောက်ခံ အားပေးမှု၊ ရင်အုပ်မကွာ စောင့်ရှောက်မှု၊ တည်းခိုနေထိုင်ရေး၊ စားရေးသောက်ရေး၊ ကျန်းမာရေး စသော အကူအညီများကြောင့်သာ ယခုကဲ့သို့ ဘေးမသီရန်မခဘဲ ဆက်လက်ချီတက်နေနိုင် ခြင်းလည်း ဖြစ်သည်။

သို့ဖြင့် ပင်မကျောင်းသားသပိတ်စစ်ကြောင်းသည် ဧရာဝတီမြစ်ကြီးထဲသို့ လက်ဝဲလက်ယာအရပ်မျက်နှာပေါင်းစုံမှ မြစ်ချောင်း များစွာ ပေါင်းဆုံစီးဝင်ပြီး တည်ငြိမ်သော အရှိန်အဟုန်ဖြင့် တငြိမ့်ငြိမ့်၊ တသွင်သွင် စီးဆင်းနေသကဲ့သို့ နယ်ပယ်ပေါင်းစုံမှ ကျောင်းသားလူငယ်များ၏ သပိတ်စစ်ကြောင်းများက တဖွဲဖွဲ၊ တသဲသဲ ပါဝင်ပေါင်းဆုံချီတက်နေကြပြီလည်းဖြစ်သည်။ ဤအချိန် တွင် ကြံ့ဖွံ့အစိုးရကလည်း နည်းလမ်းပေါင်းစုံသုံး၍ ကျောင်းသားသပိတ်အား ဖြိုခွဲရန်၊ ချေမှုန်းပစ်ရန် အဆက်မပြတ် ကြံစည် ကြိုးစားလျက်ရှိနေသည်။

ယခုနောက်ဆုံး ကြံ့ဖွံ့အစိုးရနှင့် လွှတ်တော်က မိုက်မိုက်မဲမဲ ချိန်ကိုက်လုပ်ဆောင်လိုက်သည့်ကိစ္စမှာ “ဝှိုက်ကဒ်ကိစ္စ”ပင်ဖြစ် သည်။ တကယ်တော့ ဤကိစ္စသည် လူမျိုးပေါင်းစုံပြည်သူများအကြား သွေးကွဲ သတ်ဖြတ်မှုများ၊ လူမျိုးရေးဘာသာရေး ပဋိပက္ခ များ အတောမသတ်ဖြစ်ပွားလာအောင် တမင်တကာ ကြံစည်လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။

ဤ“ဝှိုက်ကဒ်ကိစ္စ”သည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံပြည်သူများအကြား မကြံအပ်မစည်အပ် သွေးခွဲရန် တိုက်ပေးသည့် ယုတ်မာ ကောက်ကျစ်လှသော လုပ်ရပ်ဖြစ်သည်။ ကြံ့ဖွံ့အစိုးရသည် “ဝှိုက်ကဒ်ကိစ္စ”ကို စနက်တံပြု၍ တစ်တိုင်းတစ်ပြည်လုံး၏ တည်ငြိမ်မှုကို ဖောက်ခွဲဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ သို့ပါ၍ ဤလုပ်ရပ်အပေါ် လူမျိုးပေါင်းစုံပြည်သူများအနေဖြင့် နိုးနိုးကြားကြားရှိကြပြီး လှည့်ကွက်ထောင်ချောက်ထဲ ကျရောက်မသွားစေရန် အထူးသတိပြုကြရပါလိမ့်မည်။ နိုင်ငံရေးပါတီများ၊ ဘာသာပေါင်းစုံအဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ အစရှိသော အဖွဲ့အစည်းအမျိုးမျိုးကလည်း ကြံ့ဖွံ့အစိုးရ၏ လှည့်ကွက်ထောင်ချောက် ကို သတိမူလျက် သက်ဆိုင်ရာ မိမိတို့လူမှုပတ်ဝန်းကျင်ကို ဝိုင်းဝန်းကူညီစောင့်ရှောက်ဖို့ လိုပါသည်။

မည်သည့်ခေတ်ပဲဖြစ်ဖြစ်၊ မည်သည့်အစိုးရပဲ အုပ်ချုပ်နေသည်ဖြစ်စေ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာ ရေး၊ ကျန်းမာရေး စသဖြင့် ပြည်တွင်းပြည်ပဆိုင်ရာ ပြဿနာများသည် တမျိုးမဟုတ်တမျိုး ပေါ်ပေါက်ဖြစ်ပွားနေပေလိမ့်မည်။ ပြဿနာများရှိနေခြင်းသည် ပြဿနာမဟုတ်။ မည်သည့်သဘောထား၊ မည်သည့်ရပ်တည်ချက်၊ မည်သည့်နည်းလမ်းဖြင့် ဖြေ ရှင်းကြမည်ကသာ အခရာကျပါသည်။

ထို့အပြင် တိုင်းပြည်၌ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသော တောင်းဆိုလှုပ်ရှားမှု များ ပေါ်ပေါက်လာသည့် အတိုင်း “ပြည်ပသွေးထိုးမှု၊ ပြင်ပအားပေးလှု့ံဆော်မှု၊ နောက်ကွယ်မှ ကြိုးကိုင်ဆောင်ရွက်နေမှု” ဆိုသည့် အုပ်စိုးသူအစိုးရ အဆက်ဆက်၏ အမွေပါ၊ သန္ဓေပါ အဆိုးအမြင် အစွဲအလန်းကိုလည်း အမြန်ဆုံး ဖယ်ရှားရှင်းလင်းနိုင်ဖို့ လိုသည်။ ထိုသို့ အဆိုး မြင်အစွဲအလန်းရောဂါသည် လက်ရှိကြံ့ဖွံ့အစိုးရ၌ စွဲကပ်ဖြစ်ပွားနေသည်။ အမြန်ဆုံး ကုသပျောက်ကင်းနိုင်ဖို့လိုပါသည်။

ပါးစပ်မှ “တွေ့ဆုံဆွေးနွေးရေး နိုင်ငံရေးယဉ်ကျေးမှုသစ်”ကို လူကြားကောင်းရုံမျှ အော်ဟစ်နေပြီး လက်တွေ့တွင် လှည့်စားမှုနဲ့ အကြမ်းဖက်မှုများဖြင့် ဖြေရှင်းနေမည်ဆိုလျှင် မည်သည့်ရလဒ်ကောင်းမျှ ထွက်ပေါ်လာလိမ့်မည် မဟုတ်ချေ။

ယနေ့တိုင်းပြည်တွင် ပြည်သူကိုလေးစားကြပြီး သမိုင်းကို ဖန်တီးသော ပြည်သူက ဒီမိုကရေစီယဉ်ကျေးမှု အသစ်ကို ထူထောင် ကြရပါမည်။ သမိုင်းကို ပြည်သူက ဖန်တီးသည်ဟူသော တရားကို လေးနက် တည်ကြည်စွာ လက်ခံကြဖို့လိုပါသည်။ သို့မှသာ ငြိမ်းချမ်းသာယာသော၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ဆောက်နိုင်ပါလိမ့်မည်။

လူငါးသန်းနီးပါးက လက်မှတ်ထိုးတင်ပြသည့် “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေး [ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (စ) ]ကို အလေးမ ထားဘဲ လူတစ်သိန်းက လက်မှတ်ထိုးတင်ပြသည့် ပြည်သူများအချင်းချင်းအကြား အမုန်းရန်စမီးပွား အရှည်ပွားစေမည့် “မျိုးစောင့်ဥပဒေ” ဆိုသည်များကို လွှတ်တော်ထဲမှာ အရေးတကြီး အလေးထား ဆွေးနွေးနေသည့်အချက်ကပင် ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့လွှတ်တော်တို့၏ သရုပ်မှန်ကို တိုင်းရင်းသားပြည်သူအပေါင်းက ကောင်းကောင်းကြီး သဘောပေါက် နားလည်နေကြပြီ လည်း ဖြစ်ပါသည်။

ကိုပါကြီး သတ်ဖြတ်ခံရမှု၊ ဒေါ်ခင်ဝင်း သတ်ဖြတ်ခံရမှု၊ ကချင်ကျောင်းဆရာမလေးနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုများကို မဖော်ထုတ်နိုင်သော၊ မဖော်ထုတ်ဝ့ံသော၊ ကိုးကွယ်ရာ ဘာသာတရားက အထွဋ်အမြတ်ထားရာ သင်္ကန်းဝတ်ရုံကို ခြံုထားသော “အရှင်ဝီရသူ”ဆိုသူ ရုန့်ရင်းရိုင်းစိုင်းသော အပြုအမူနှင့် ဆဲရေးတိုင်းထွာပြောဆိုများကို ထိထိရောက်ရောက် ဟန့်တားခြင်း၊  အရေးယူ အပြစ်ပေးခြင်း မပြုဝ့ံသော၊ လက်ပိုက်ကြည့်နေသာ ကြံ့ဖွံ့အစိုးရ၏ “တရားဥပဒေနှင့် ဥပဒေစိုးမိုးရေး”၏ အနှစ်သာရ ကင်းမဲ့မှုကို လူမျိုးပေါင်းစုံပြည်သူများက လှောင်ပြောင် ဟားတိုက် ရယ်မောနေကြပါသည်။

ထို့အပြင် ကချင်ကျောင်းဆရာမလေးနှစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှု၏ တရားခံအစစ် ဘယ်သူဖြစ်သည်ကို တာဝန်သိပြည် သူများ၊ စာနာထောက်ထားသူပြည်သူများက တည့်တည့်မတ်မတ် လက်ညှိုးထိုးပြနေ သည်ကိုလည်း စစ်တပ်က ခြိမ်းခြောက်ရန် လုပ်နေပြန်သေးသည်။

“ပြည်ထောင်စု မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်” ဆိုသည်မှာလည်း စစ်တပ်နှင့် အစိုးရက ကျူးလွန်သည့်  လူမဆန်မှုများ၊ ရာဇဝတ်ပြစ်မှုများကို ဒိုင်းသဖွယ် ခုခံ၊ ကာကွယ်၊ ဖာထေး၊ အချိန်ဆွဲပေးရသည့်အလုပ်များကို ဒိုင်ခံလုပ်ပေးနေသည့်ကော်မရှင်၊ ကုလသမဂ္ဂ ဆုံးဖြတ်ချက်များ၊ ကုလကိုယ်စားလှယ်များကို ရန်ထောင်ပေးရသည့်ကော်မရှင် စသဖြင့် ကြံ့ဖွံ့အစိုးရနှင့် စစ်တပ်၏ “လက်ကိုင်တုတ်ကော်မရှင်” သာဖြစ်သည်ကိုလည်း လူမျိုးပေါင်းစုံပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိသဘော ပေါက်နေကြပြီလည်း ဖြစ်ပါသည်။

သို့ပါ၍ လူမျိုးပေါင်းစုံပြည်သူများအနေဖြင့် ကျောင်းသားသပိတ် ဖြတ်သန်းချီတက်ရာဒေသများ မှ ဒေသခံပြည်သူများနှင့် သပိတ် မှောက်ကျောင်းသူကျောင်းသားတို့၏ လက်တွေ့မှ အထင်အရှားပြသနေသည့် “ပြည်သူကျောင်းသား သွေးစည်းညီညွတ်မှုစွမ်း အားဖြင့် အဖျက်အမှောင့်၊ အတားအဆီး၊ ရန်စွယ်၊ အန္တရာယ်များကို ဖြတ်ကျော်ချီတက်နိုင်သည့် စံနမူနာကောင်း”ကို တစိတ်တ ဒေသလက္ခဏာမှ တတိုင်းတပြည်လုံး လက္ခဏာဖြစ်လာစေရန် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြပါစို့။

မောင်ကျော်စွာ
(၂၀၁၅ခုနှစ်၊ ဖေဖေါ်ဝါရီ ၈ရက်)

Most read this week