ဘာသာရေးခွဲခြားမှုနှင့် ဖိနှိပ်မှုကိစ္စများတွင် အထူးစိုးရိမ်ရသော နိုင်ငံစာရင်းမှာ ပယ်ဖျက်နိုင်ရန် ဆက်လက်လုပ်ဆောင်မည်ဟုဆို

ဘာသာရေးခွဲခြားမှုနှင့် ဖိနှိပ်မှုကိစ္စများတွင် အထူးစိုးရိမ်ရသော နိုင်ငံစာရင်းမှာ ပယ်ဖျက်နိုင်ရန် ဆက်လက်လုပ်ဆောင်မည်ဟုဆို
by -
မဇ္စျိမ

 မြန်မာနိုင်ငံသည် ဘာသာရေးခွဲခြား ဆက်ဆံမှု ဖိနှိပ်မှုကိစ္စရပ်များတွင် အထူးစိုးရိမ်ရသော နိုင်ငံများစာရင်း ထည့်သွင်းခံရခြင်းကို ပယ်ဖျက်ပေးနိုင်ရန် နိုင်ငံတကာနှင့်သာမက သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ဦးလွင်က လွှတ်တော်တွင် ပြောသည်။

''မြန်မာ-အမေရိကန်နှစ်နိုင်ငံ လူ့အခွင့်အရေး ဆွေးနွေးပွဲများကို ၂ဝ၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂ဝ၁၅ ခုနှစ်တွင် ဇန်နဝါရီတွင် တစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့် ပကတိ အခြေအနေများကို အမေရိကန်အစိုးရနှင့် ကွန်ဂရက်တို့ကို အသိပေးနိုင်သည်ဖြစ်ပြီး နောက်နောင်တွင်လည်း အလားတူဆွေးနွေးပွဲများကို အမေရိကန်အပါအဝင် အခြားနိုင်ငံများနှင့်လည်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ဒုတိယဝန်ကြီးဦးတင်ဦးလွင်က ပြောသည်။

အမေရိကန်ပြည်ထောင်စု၏ ပြည်ထောင်စုအဆင့် ဘာသာရေးလွှတ်လပ်မှု ကော်မရှင် (U.S Commission on International Religious Freedom)၏ ၂ဝ၁၄ ခုနှစ် ဇူလိုင်လက မြန်မာနိုင်ငံသည် ဘာသာရေးခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုကိစ္စရပ်များတွင် အထူးစိုးရိမ်ရသော နိုင်ငံများတွင် အခြားခုနစ်နိုင်ငံနှင့်အတူ ထည့်သွင်းကြေညာခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်ကိုယ်စားလှယ် ဦးခင်မောင်ရီက ''ဘာသာရေးအတွက် အထူးစိုးရိမ်ရသော နိုင်ငံများစာရင်းတွင် ထည့်သွင်းခြင်းခံရတဲ့အတွက် နိုင်ငံရဲ့Imageကို ထိပါတယ်။ အဆိုပါ စာရင်းက ပယ်ဖျက်နိုင်ဖို့အတွက် မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုပါတယ်''ဟု မေးမြန်မှုအပေါ် နိုင်ငံခြားရေး ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံနှင့်အတူ ထည့်သွင်းခြင်းခံရသည့် နိုင်ငံများမှာ တရုတ်၊ အီရစ်ထရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေးဗျ၊ ဆူဒန်၊ ဥဇဘက်ကစ္စတန်၊ တာ့ခ်မက်နစ္စတန်နိုင်ငံများ ဖြစ်သည်။

''အဆိုပါကိစ္စမှာ အမေရိကန်ကွန်ဂရက်နှင့် အမေရိကန်နိုင်ငံအစိုးရ၏ သဘောထားပေါ်မှုတည်၍ သတ် မှတ်ထားခြင်း ဖြစ်ပါတယ်။ အထူးစိုးရိမ်ရသော နိုင်ငံများစာရင်းမှ ပယ်ဖျက်သွားရန်ကိစ္စသည် ဧကန်ဖြစ်ပေါ်နေသော ပြဿနာထက် နိုင်ငံရေးသဘောထားပေါ်တွင် မူတည်နေပါတယ်''ဟု ဒု-ဝန်ကြီး ဦးတင်ဦးလွင်က ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ဘာသာရေးလွတ်လပ်ခွင့်ရှိမှု အပါအဝင် လူ့အခွင့်အရေး ကာကွယ်တိုးမြှင့်ရေး၊ နှစ်နိုင်ငံ လူအခွင့်အရေး ဆွေးနွေးပွဲများ၊ အမေရိကန်ပြည်ထောင်စု၊ အီးယူနိုင်ငံများနှင့် ပြုလုပ်ကာ မြန်မာနိုင်ငံ၏ ပကတိဖြစ်ပေါ်မှု အခြေအနေများကို ရှင်းလင်းအသိပေးပြောကြားခဲ့သည်ဟု ဆိုသည်။