KBC ဆရာမ နှစ်ဦး အမှုမှန်ဖော်ထုတ်ပေးရန် အမေရိကန်နှစ်ခြင်းအဖွဲ့ချုပ်မှ ဝန်ကြီးချုပ်သို့ တောင်းဆို

KBC ဆရာမ နှစ်ဦး အမှုမှန်ဖော်ထုတ်ပေးရန် အမေရိကန်နှစ်ခြင်းအဖွဲ့ချုပ်မှ ဝန်ကြီးချုပ်သို့ တောင်းဆို
by -
ကေအဲန်ဂျီ

အဓ္ဓမပြုကျင့်၍ သတ်ဖြတ်ခံခဲ့ရသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၏ စေတနာ့ဝန်ထမ်း ကျောင်း ဆရာမ နှစ်ဦး၏ အမှုကို တရားမျှတစွာ ဖော်ထုတ်ပေးရန် မြန်မာနိုင်ငံတွင် ရောက်ရှိနေသော အမေရိကန်နှစ်ခြင်းအဖွဲ့ချုပ် (American Baptist Churches USA)မှ အထွေထွေ အတွင်းရေးမှူး Rev. Dr. Roy Medleyက ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဖေဖော်ဝါရီလ ၉ရက်တွင် တွေ့ဆုံ၍ ပြော ဆိုခဲ့သည်ဟု KBC ၏ အတွင်းရေးမှူး Rev. Dr. Hkalam Samson က ပြောသည်။

“ဒီနှစ်ခြင်းသာသနာပြု အမေရိကန်အဖွဲ့ကတော့ သူတို့က ဒီဆရာမနှစ်ယောက်ရဲ့ကိစ္စ အပြစ်မရှိတဲ့လူတွေကို ဒုက္ခမရောက်စေချင်တဲ့သဘောတွေ ပြောသွားပါတယ်။ မူးယစ်ဆေးဝါးမှာလည်း အတူတကွလက်တွဲ ဆောင် ရွက်ရမယ် ဆိုတာတွေ ပြောတယ်။ ကျနော်ကလည်း ဝန်ကြီးချုပ်ကို အဲဒီလိုဘဲ ပြောပါတယ်။ အမှုမှန်ကို အားလုံး ပွင့်ပွင့်လင်းလင်း စစ်ဆေးဖို့ လိုတယ်ဆိုပြီးမှ ပြောခဲ့ပါတယ်” ဟု Rev. Dr. Samson က ပြောသည်။

Rev Dr Roy Medley

ထိုတွေ့ဆုံမှုတွင် အဓမ္မပြုကျင့်၍ သတ်ဖြတ်ခံရသော ကျောင်းဆရာမနှစ်ဦးအမှု တရားမျှတစွာ ဖော်ထုတ်ပေးရန်၊ ကချင်စစ်ပြေးဒုက္ခသည်များအား ထောက်ပံ့ရန်အတွက် လွတ်လပ်စွာ သွားလာ ခွင့်ပြုရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် အတူလက်တွဲ ဆောင်ရွက်ရန် စသော အချက်များကို အဓိကထား တင်ပြခဲ့သည်ဟု ၎င်းက ပြောသည်။

အမေရိကန် နှစ်ခြင်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး Rev. Dr. Roy Medley ဦးဆောင်သော အဖွဲ့နှင့် KBC မှ အထွေထွေ အတွင်းရေးမှူး Rev. Dr. Hkalam Samson တို့သည် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် Lajawn Ngan Seng (ဦးလဂျွန်ငံဆိုင်း) အပါအဝင် ဥပဒေချုပ်၊ ကချင်ပြည်နယ် အတွင်းရေးမှူးတို့နှင့် နှစ်နာရီကြာ တွေ့ဆုံ၍ တင်ပြခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ဝန်ကြီးချုပ်ကတော့ သူတို့လည်း အသွင်ကူးပြောင်းရေးကာလမှာ ပြည့်စုံတယ်လို့တော့ မပြောလိုဘဲ ကြိုးစားနေရတယ် ဆိုတဲ့အကြောင်းတွေ ပြောပါတယ်” ဟု ဆရာ Samson က ပြောသည်။

Rev. Dr. Roy Medley ဦးဆောင်သောအဖွဲ့သည် ဖေဖော်ဝါရီလ ၁၀ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ(UPWC) ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းတို့နှင့် နေပြည်တော်တွင် တွေ့ဆုံမည် ဖြစ်ကြောင်း Rev. Dr. Hkalam Samsonက ပြောသည်။

ဖေဖော်ဝါရီလ ၄ ရက်က ဖွဲ့စည်းလိုက်သော KBC ဆရာမနှစ်ဦး၏ အမှုအတွက် ၁၅ ဦးပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မတီဝင်များသည် ဖေဖော်ဝါရီလ ၉ရက်တွင် ရှမ်းပြည်နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နယ် Namtau(နမ့်တောင်း) ကျေးရွာအုပ်စု Kawng Hka (ကောင်းခါး)ကျေးရွာသို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သူက ပြောသည်။

KBC မှ စေလွှတ်သော စေတနာ့ဝန်ထမ်း ဆရာမ နှစ်ဦးသည် ၎င်းတို့နေထိုင်ရာ Kawng Hka (ကောင်းခါး)ကျေးရွာဖက်သို့ အစိုးရတပ်များတိုးချဲ့လာပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့ ည က အဓ္ဓမပြုကျင့်သတ်ခံခဲ့ရခြင်းဖြစ်ရာ အစိုးရရဲတပ်ဖွဲ့မှ စစ်ဆေးမှုများရှိခဲ့သော်လည်း ယခုချိန်ထိအမှုမှန်ဖော် ထုတ်နိုင်ခြင်း မရှိသေးပေ။

Most read this week