မွန်ပြည်နယ် မော်လမြိုင်မြို့၌ ဖေဖော်ဝါရီ ၉ ရက်က စတင်ကာ အမျိုးသားပညာရေး ဥပဒေအား ဆန့်ကျင်ဆန္ဒပြသော သပိတ်ကျောင်းသားများကို မွန်အမျိုးသားပါတီက အပြည့်အဝ ထောက်ခံကြိုဆိုကြောင်း မွန်အမျိုးသားပါတီ တွဲဖက်အတွင်းရေးမှူး(၁)နိုင်စိုးမြင့်က ပြောသည်။
နိုင်စိုးမြင့်က “မွန်အမျိုးသားပါတီက ကျောင်းသားတွေကိုတော့ အပြည့်အဝ ထောက်ခံတယ်၊ ဒီမိုကရေစီ ပညာရေးစနစ်ရယ်၊ မိခင်ဘာသာစကား သင်ကြားရေးဆိုင်ရာ အချက်ကိုလည်း ထောက်ခံတယ်၊ အခုလိုကျောင်းသားတွေရဲ့ လှုပ်ရှားမှု သပိတ်မှောက်တိုက်ပွဲဝင်နေတာကိုလည်း အပြည့်အဝ ထောက်ခံတယ်” ဟု ဆိုသည်။
မော်လမြိုင် ဒီမိုကရေစီပညာရေးစနစ် ကျောင်းသားသပိတ်စစ်ကြောင်းသည် မော်လမြိုင်မြို့ သာသနာ့ဗိမာန်မှ စတင်ထွက်ခွာခဲ့ပြီး မော်လမြိုင် တက္ကသိုလ်သို့ ချီတက်ခဲ့ကြရာ မော်လမြိုင်ဈေးကြို လမ်းမပေါ်တွင် မွန်အမျိုးသားပါတီမှ ကြိုဆိုသည့် ဆိုင်းဘုတ်များ စိုက်ထူထားကြောင်း သိရသည်။
ထိုသို့ထောက်ခံသော်လည်း အစိုးရဘက်မှ ထုတ်ပြန်ထားသည်မှာ သပိတ်ကျောင်းသားများ၏ နောက်ကွယ်တွင် နိုင်ငံရေးပါတီတစ်ချို့ ပါဝင်ပတ်သက်နေမှုနှင့် ပတ်သက်၍ မိမိတို့ မွန်အမျိုးသားပါတီမှ ကျောင်းသားများကို တိုက်ရိုက် ကူညီထောက်ပံ့မှုများ ပြုလုပ်လိုသော်လည်း လုပ်ဆောင်၍မရကြောင်း၊ သို့သော်လည်း ကျောင်း သားထုကို အပြည့်အဝ ထောက်ခံကြောင်း နိုင်စိုးမြင့်က ဆက်ပြောသည်။
သူက“ ကျနော်တို့ မွန်ကျောင်းသားတွေလည်း ဒီကျောင်းသားသပိတ်စစ်ကြောင်းမှာ ပါဝင်ဖို့အတွက်ကိုလည်း တိုက်တွန်းပါတယ်၊ ကျနော်တို့ပါတီကလည်း တိုက်ရိုက်ပါဝင်ဖို့က မဖြစ်နိုင်ဘူး၊ အစိုးရကလည်း ဒါကိုစောင့်ကြည့်နေတဲ့ အနေအထားမှာ ရှိနေပါတယ်” ဟု ဆိုသည်။
တချို့သော ပြည်သူလူထုများမှလည်း ကျောင်းသားလှုပ်ရှားမှု သပိတ်နှင့်အတူ အတန်းတင်စာမေးပွဲများ ဖြေဆို ရန်အချိန်နှင့် နီးကပ်နေသည့်အတွက် သပိတ်မလိုလားသည့် ပြည်သူများလည်း ရှိကြောင်း သိရသည်။
ယခုလက်ရှိ ကျောင်းသားများ သပိတ်မှောက်တောင်းဆိုနေသည့် ပညာရေးဥပဒေနှင့်ပတ်သက်၍ ပညာရေးအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့များ၊ ကျောင်းသားသမဂ္ဂများ၊ နိုင်ငံရေးပါတီများအားလုံး ယင်းဥပဒေ အတည်မပြုခင်ကတည်းက တောင်းဆိုထားကြောင်း၊ ထိုသို့တောင်းဆိုထားသော်လည်း ပြည်ထောင်စု လွှတ်တော်မှ ဂရုစိုက်မှုမရှိဘဲ ဥပဒေကိုအတည်ပြုခဲ့သည့်အတွက် ယခုကဲ့သို့ တောင်းဆို ဆန္ဒပြမှု ဖြစ်လာကြောင်း မွန်ပြည်နယ်မှ ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
ဒေါက်တာအောင်နိုင်ဦးက “ကျောင်းသားတွေရဲ့အမြင်ရော တစ်ချို့ပြည်သူတွေရဲ့ အမြင်ရော ၂ ခုလုံးမှန်ပါတယ်၊ ဘာလို့လည်းဆိုတော့ ကျောင်းသားဘက်ကလည်း အခုကတည်းက မတောင်းဆိုဘူးဆိုရင် နောက် လာမယ့် ရွေးကောက်ပွဲကိစ္စရယ်၊ အခြေခံဥပဒေပြုပြင်ရေးတွေ ရှုပ်လာဦးမယ်ဆိုတော့ နောက်မှ တောင်း ဆိုမယ်ဆိုရင် မဖြစ်နိုင်တော့ဘူး၊ ဒါကြောင့် အမျိုးသားပညာရေးဥပဒေကြမ်း ပြန်လည်ပြုပြင်ဖို့အတွက်ကို အခုကတည်းက တောင်းဆိုကြတယ်၊ တဖက်က ပြန်ကြည့်မယ်ဆိုရင်လည်း ဒီဥပဒေကို ပြုပြင်ပြောင်းလဲဖို့ဆိုတာက ပြည်ထောင်စု လွှတ်တော်မှာ အာဏာရှိနေတယ်၊ ဒါကြောင့် ပညာရေးဝန်ကြီးဌာန၊ လွှတ်တော်နဲ့ ဗဟိုအစိုးရမှာ ဆွေးနွေး၍ ပြုပြင်မယ်ဆိုရင် အေးအေးဆေးဆေး ဖြစ်လာနိုင်မယ်ဆိုပြီး မြင်ကြတယ်၊ ဒါကြောင့် ၂ ဖက်စလုံးရဲ့ အမြင်က မမှားဘူးလို့ ကျနော်မြင်တယ်” ဟုဆိုသည်။
ထိုမျှမက အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ ယခင်စောစောပိုင်း တောင်းဆိုသည့်အချိန် တွင် ပြုပြင်ပြောင်းလဲမှုတစုံတရာ ပြုလုပ်ခဲ့လျှင် ယခုကဲ့သို့ တစ်နိုင်ငံလုံး ကျောင်းသားလှုပ်ရှားမှု ဖြစ်လာနိုင်မည် မဟုတ်ကြောင်း၊ ယခုပြသနာကို အမြန်ဆုံးပြေလည်အောင် ဖြေရှင်းသင့်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။
ဆန္ဒပြသည့် ကျောင်းသားများသည် အချက် ၁၁ ချက်ကိုတောင်းဆိုခဲ့ကြောင်း၊ မွန်ပြည်နယ် ကျောင်းသား အဖွဲ့နှင့် ထားဝယ် ကျောင်းသားအဖွဲ့တို့သည် မော်လမြိုင် တက္ကသိုလ်ရှေ့သို့ရောက်ရှိသော် လည်း ကျောင်းအတွင်းသို့ ဝင်ရောက်ခွင့်မရခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် ထားဝယ် ကျောင်းသားများ ရန်ကုန်သို့ ဆက်လက် ချီတက်ကြမည်ဖြစ်ကြောင်း သိရသည်။