ဒေါက်တာ သိန်းလွင်ကို အင်န်အယ်ဒီ ဗဟိုပညာရေးကော်မတီမှ ထုတ်ပယ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်

ဒေါက်တာ သိန်းလွင်ကို အင်န်အယ်ဒီ ဗဟိုပညာရေးကော်မတီမှ ထုတ်ပယ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်
by -
မဇ္စျိမ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုပညာရေးကော်မတီမှ ဒေါက်တာသိန်းလွင်ကို ထုတ်ပယ်လိုက် ကာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးစီးမည့်အဖွဲ့အသစ်ကို ပြန်လည်ဖွဲ့စည်းမည်ဟု ပါတီဗဟိုအလုပ်မှုဆောင် ဦးဟံသာမြင့်က ဖေဖော်ဝါရီ ၉ရက်တွင် မဇ္စျိမကိုပြောသည်။

၎င်းက "ဒေါက်တာသိန်းလွင်ကြောင့် ကော်မတီကို အသစ်ပြန်ဖွဲ့တာတော့ မဟုတ်ဘူး။ ၂၀၁၄ စက်တင်ဘာ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးကတည်းက ဆုံးဖြတ်ထားပြီးသားပါ၊ သူပြန်ပါမပါတော့ မသိပါဘူး၊ ပညာရေးကိစ္စ အရေးကြီး လုပ်စရာတွေရှိလာလို့ ဒေါ်စုကိုယ်တိုင် ဦးဆောင်မှာပါ"ဟု ဆိုသည်။

Dr-thein-lwin

လက်ရှိတွင် လုပ်ငန်းများ ရပ်ဆိုင်းထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပညာရေးကော်မတီကို ပါတီ ဗဟိုအလုပ်မှုဆောင် ဦးဟံသာမြင့်က ဦးဆောင်ပြီး ဒေါက်တာသိန်းလွင်က အဖွဲ့ဝင်အဖြစ် ပါ၀င်ခဲ့ခြင်းဖြစ်သည်။

ဒေါက်တာသိန်းလွင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်း၊ တားမြစ်ချက်များကို မလိုက်နာခြင်းကြောင့် အရံဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ ဗဟိုကော်မတီဝင် အဖြစ်မှ ရပ်နားလိုက်ကြောင်းနှင့် ဗဟိုပညာရေးကော်မတီတွင် တာဝန်ထမ်းဆောင်မှုများကိုလည်း ရပ်ဆိုင်းကာ ကော်မတီကိုလည်း အသစ်ပြန်လည် ဖွဲ့စည်းသွားမည်ဟု NLD က ဖေဖော်ဝါရီ  ၉ရက်တွင် ထုတ်ပြန်သည်။

NLD ဗဟိုအလုပ်မှုဆောင် ဦးထွန်းထွန်းဟိန်က "သူ့ကို အရံ စီအီးစီ၊ စီစီကနေ ထုတ်ပေမယ့် သူက ပါတီဝင်အတိုင်း ဆက်ရှိနေပါသေးတယ်။ ပါတီဝင်အားလုံးကို စည်းကမ်းထိန်းသိမ်းရေးကပဲ စည်းကမ်းနဲ့မညီ ရင် မညီတဲ့အတိုင်း ဆောင်ရွက်ပါတယ်" ဟု မဇ္စျိမကိုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးစီးမည့် ဗဟိုပညာရေးကော်မတီအသစ်ကို ဖေဖော်ဝါရီလကုန်အတွင်း ကျင်းပမည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးတွင် စတင်ဆွေးနွေးနိုင်ပြီး မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းများအတွက် ဆောင်ရွက်ရန် ပြင်ဆင်ဖွဲ့စည်းမည်ဟု ဦးဟံသာမြင့်က ဆိုသည်။

ဒေါက်တာသိန်းလွင်သည် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကျောင်းသား၊ NNER (မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်)၊ အစိုးရ နှင့် လွှတ်တော်တို့ တွေ့ဆုံခဲ့သည့် လေးပွင့်ဆိုင်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယင်းသို့ တက်ရောက်ခြင်းမှာ NLDကို ကိုယ်စားပြုတက်ရောက်ခြင်း မဟုတ်ကြောင်း၊ NLD အဖွဲ့ဝင်များအနေဖြင့် အခြားအဖွဲ ့အစည်းများနှင့် ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ရာတွင် ဗဟိုအလုပ် အမှုဆောင်အဖွဲ့က အပ်နှင်းသည့် တာဝန်အရ သာ ဆောင်ရွက်ခွင့်ရှိကြောင်း၊ သို့ဖြစ်၍ NLDက စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း  ဖေဖော်ဝါရီ ၁ရက်စွဲဖြင့် ထုတ်ပြန်သည့် NLD၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းနောက် ဒေါက်တာ သိန်းလွင်သည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရမည်ဟု လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောထားသေးသည်။

ယင်းသို့ NLDက ထုတ်ပြန်ပြီးနောက်တွင်မူ ဒေါက်တာသိန်းလွင်က ဆွေးနွေးပွဲတွင် ပါ၀င်သောကြောင့် ပါတီစည်းကမ်းချက်များနှင့် မကိုက်ညီပါက ပါတီ၏ ဆုံးဖြတ်ချက်ကို ခံယူမည်ဖြစ်သည်ဟု  ဖေဖော်ဝါရီ ၃ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အမျိုးသား ပညာရေး ဥပဒေ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ပျက်ပြားအပြီး ပညာရေးဝန်ကြီးရုံး ဂိတ်အဝ၌ သတင်းစာရှင်းလင်း ပွဲပြုလုပ်စဉ် ထည့်သွင်းပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၉ ရက်တွင်မူ မဇ္စျိမက ဒေါက်တာသိန်းလွင်သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

Most read this week