နိုင်ငံရေး အကျဉ်းသား ၄ ဦး ပြန်လည် လွတ်မြောက်လာ

နိုင်ငံရေး အကျဉ်းသား ၄ ဦး ပြန်လည် လွတ်မြောက်လာ
တောင်ကုတ်မြို့မှ နိုင်ငံရေး အကျဉ်းသား လူငယ် ၄ ဦးမှာ ထောင်သက်တမ်း စေ့သွားခဲ့သဖြင့် များမကြာမှီက ဘူးသီးတောင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။ လွတ်မြောက်လာသူများမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်များ ဖြစ်ကြသည့် ...

(ထောင်တွင်း သတင်းများ မပေါက်ကြားရအောင် တားမြစ်)

တောင်ကုတ်မြို့မှ နိုင်ငံရေး အကျဉ်းသား လူငယ် ၄ ဦးမှာ ထောင်သက်တမ်း စေ့သွားခဲ့သဖြင့် များမကြာမှီက ဘူးသီးတောင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။
 
လွတ်မြောက်လာသူများမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်များ ဖြစ်ကြသည့် ကိုသန်းဌေး၊ ကိုမိုးကျော်၊ ကိုအောင်နိုင်မင်း နှင့် ကိုဇော်နိုင်တို့ ဖြစ်ကြသည်။
 
အမည်မဖေါ်လိုသူ သူတို့၏ လုပ်ဖေါ်ကိုင်ဘက် တဦးက “သူတို့ကို သက်ဆိုင်ရာ အာဏာပိုင်တွေက ထောင်သတင်းတွေကို အပြင်မှာ မပြောရဘူး ဆိုပီး တားမြစ်ထားပါတယ်။ ပြောရင် ဆက်လက် အရေးယူမယ်လို့ ခြိမ်းခြောက် ခံထားရတဲ့ အတွက် အခု သူတို့ အနေနဲ့ ထောင်က လွတ်လာပီးတဲ့ နောက်ပိုင်းမှာ အပြင်တောင် သိပ်မထွက်ရဲဘဲ အိမ်ထဲမှာ နေ-နေကြပါတယ်” ဟု ပြောသည်။
 
အဆိုပါ လူငယ် ၄ ဦးမှာ ဘူးသီးတောင် ထောင်ထဲတွင် ထောင်အာဏာပိုင်များ၏ လူအခွင့်အရေး ချိုးဖေါက်မူများကို ကိုယ်တိုင်ကြံုတွေ့ခဲ့ရသလို တခြားနို်င်ငံရေး အကျဉ်းသားများအပေါ် ထောင်အာဏာပိုင်များ၏ ဆက်ဆံပြုမူပုံများကိုလည်း ကိုယ်တိ်ု်င် ကိုယ်ကျ မြင်တွေ့ခဲ့ရသူများ ဖြစ်သည်။
 
“သူတို့က အကုန်လုံး သိပါတယ်။ တခြား နိုင်ငံရေး အကျဉ်းသားတွေ ဘယ်သူတွေကို တိုုက်ပိတ်ထားတယ်။ ဘယ်သူကတော့ လေရိုက်ပီး ကိုယ်တပိုင်းသေဖို့ ဖြစ်နေတယ်ဆိုတာကို သူတို့ သိပါတယ်။ ပြောရင် အရေးယူခံရမှာကို စိုးရိမ်ပြီး မပြောရဲဘဲ ဖြစ်နေကြပါတယ်။” ဟု သူက ဆက်ပြောသည်။
 
သူတို့ လေးဦးအား ၂၀၀၈ ခုနှစ် မတ်လ ၂၇ ရက်နေ့၌ ကျရောက်သော တော်လှန်ရေး နေ့တွင် အဖွဲ့ချုပ် ကျေညာချက်နှင့် လူ့အခွင့်အရေး ကျေညာစာတန်းများကို ဖြန့်ဝေမှုကြောင့် သက်ဆိုင်ရာ တောင်ကုတ်အာဏာပိုင်များက ဖမ်းဆီးပြီး ထောင်တနှစ် ချမှတ် ခဲ့သည်။
 
“သူတို့ကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၅၁ နဲ့ တရားစွဲပြီး ထောင် (၁) နှစ် ချမှတ်ခဲ့ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီ စာရွက် စာတန်းတွေကို အိမ်တိုင်ရာရောက် သွားဖြန့်ဝေတဲ့အတွက် ပိုင်နက် ကျူးလွန်မူနဲ့ တရားစွဲဆိုပြီး ထောင်ချတာ ဖြစ်ပါတယ်။” ဟု သူက ပြောသည်။
 
သူတို့ လေးဦး ဘူးသီးတောင် အကျဉ်းထောင်မှ လွတ်လာသော်လည်း ထောင်ထဲတွင် နိုင်ငံရေး အကျဉ်းသား အများအပြား ကျန်ရှိနေသေးပြီး လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်ခံနေရသည်ဟု ထောင်တွင်းက လာသော သတင်းများအရ သိရသည်။
 
ဘူးသီးတောင် ထောင်ထဲတွင် ချုပ်နှောင်ခံထားရသူ နိုင်ငံရေး သမား ၂၅ ဦးခန့် ရှိပြီး ထိုအထဲတွင် ကိုဌေးကြွယ်၊ အရှင်အိသရိယ၊ ကိုမိုးနေစိုး၊ ကိုချစ်မောင်မောင်၊ ကိုမောင်မောင်သက်နှင့် မနီနီမေမြင့်တို့လည်း ပါ၀င်သည်။
 
(နိရဥ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဥ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

Most read this week