သာယာဝတီခရိုင်အတွင်း တရားမဝင်သစ် အမျိုးအမည်များစွာ စံချိန်တင် ဖမ်းဆီးရမိ

သာယာဝတီခရိုင်အတွင်း တရားမဝင်သစ် အမျိုးအမည်များစွာ စံချိန်တင် ဖမ်းဆီးရမိ
by -
မဇ္စျိမ

ပြည် (မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့ တောင်ညို သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် သစ်တန်ချိန် ၃ဝဝနီးပါး ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ၎င်းဖမ်းဆီးရမိမှုသည် ခရိုင်အတွင်း တရားမဝင်သစ်စံချိန် တင် ဖမ်းဆီးရမိမှုဖြစ်သည်ဟု နတ်တလင်းမြို့နယ်၊ သစ်တောဦးစီးဌာန သစ်တောခေါင်း ကိုချိုကြီးက မဇ္ဈိမကို ပြောသည်။

သာယာဝတီခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဝင်းနှင့် နတ်တလင်း၊ ကြို့ပင်ကောက်၊ ဇီးကုန်းမြို့နယ် သစ်တော ဦးစီးအရာရှိများပါဝင်သော သစ်တောဝန်ထမ်းများသည် ဇန်နဝါရီ ၃ဝရက်မှ ဖေဖော်ဝါရီ ၅ရက်အထိ တောင်ညိုကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ရှာဖွေဖော် ထုတ်ဖမ်းဆီးခဲ့ကြခြင်းသည်။

Tharyarwati-wood

''ကားလမ်းရော၊ ရေလမ်းရော ပိတ်ဆို့ပြီး လျှပ်တပြတ်ဖမ်းတာ။ ခရိုင်အတိုင်းအတာအနေနဲ့ အများဆုံးဖမ်းမိတာပဲ'' ဟု သစ်တောခေါင်း ကိုချိုကြီးက ဆိုသည်။

ထိုသို့ရှာဖွေရာ တောင်ညိုကြိုးဝိုင်းအတွင်း အကွက်ပေါင်း ၁၁ကွက်၊ တောင်ညိုဆည်နှင့် သဖန်းချောင်း ကျေးရွာတစ်လျှောက်ရှိ နေရာပေါင်း ၃၁နေရာမှ တရားမဝင် ကျွန်းသစ်လုံး၊ ကျွန်းတိုင်၊ ကျွန်းခွဲသား ၂၆၉ ဒသမ ၉၉၉၄ တန်၊ ပျဉ်းကတိုးနှင့် အခြားသစ်လုံး ၁၉ ဒသမ ၉၇၆ဝတန် စုစုပေါင်းသစ်တန်ချိန် ၂၈၉ ဒသမ ၉၇၅၄ ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့သည်။

ယင်းသစ်များနှင့်အတူ Nissan UD ခေါင်းဖြူ ၁ဝဘီးကားတစ်စီး၊ Chainsaw နှစ်လက်၊ ဆိုင်ကယ်တစ်စီးတို့ကိုပါ ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်ဟု နတ်တလင်းမြို့နယ် သစ်တောဦးစီးဌာန သစ်တောခေါင်း ကိုချိုကြီးက ပြောသည်။

၂ဝ၁၄-၁၅ ခုနှစ်တွင် သာယာဝတီခရိုင်အတွင်း တရားမဝင်သစ်ဖမ်းဆီးမှု ၆၄၃ ကြိမ်ရှိပြီး သစ်တန်ချိန် ပေါင်း ၁၃၂၂ ဒသမ ရဝ၅၃ တန်ဖမ်းမိခဲ့သည်။