နေပြည်တော် (မဇ္ဈိမ)။ ။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁၉၅မိုင်အနီး မင်းပြင်သစ်တောကွင်းအမှတ် (၁)တွင် လေကြောင်းရန် ကာကွယ်ရေးတပ် (ခလရ ၂ဝ၃၁)က သိမ်းယူထားသည့် လယ်ယာမြေများကို သက်ဆိုင်ရာအဆင့်ဆင့်တင်ပြ၍ ပြန်လည်တောင်းခံသွားမည်ဟု ဒေသခံတောင်သူများက ပြောသည်။
လယ်သုံးဧကကျော် အသိမ်းခံထားရသူ လမ်းစဉ်ရွာနေ ဦးမြင့်ကြည်က ''ဦးလေးတို့ရဲ့ ဘိုးဘွားလက်ထက်ကတည်းက မြင်းပြင်တစ်ကွင်၊ နှစ်ကွင်း၊ သုံးကွင်းဆိုတာတွေက ကြေးတိုင်နဲ့လည်း ဆက်စပ်နေတာဖြစ်တယ်။ ဦးတို့ကတော့ သက်ဆိုင်ရာအဆင့်ဆင့်ကို စာတင်ပြီးတောင်းခံသွားမှာပါ'' ဟု ပြောသည်။
ပြီးခဲ့သည့် ၂ဝဝ၁ ခုနှစ်က မင်းပြင်တစ် သစ်တောကြိုးဝိုင်းအတွင်းရှိ လယ်ယာမြေများကို ပထမတစ်ရစ် အဖြစ် ဧက ၅၂ဝ၊ ဒုတိယအရစ် ၁၇၅ ဧက စုစုပေါင်း ၆၉၅ ဧကကို သိမ်းယူခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။
ကြို့ကုန်းကျေးရွာနေ တောင်သူဒေါ်လှက ''လယ်ယာတွေကို အစုနဲ့ချထားပြီးတော့ ကျွန်မတို့ လယ်တွေကိုတော့ သူတို့ကိုယ်တိုင် ဆင်းလုပ်ပါတယ်။ အဲဒီတုန်းက တပ်ရင်းမှူးတစ်ဦး၊ အခုက တစ်ယောက်သပ်သပ်ပြောင်းသွားတော့မှ ကျွန်မတို့ကို တစ်ဧကကို ၂ဝနဲ့ အစုချလုပ်ခဲ့ရပါတယ်။ လယ်က သုံးဧကကုန်းက ငါးဧက ရှိပါတယ်။ အခုလက်ရှိက အစုမပေးတော့တာ သုံးနှစ်ရှိပါပြီ'' ဟု ဆိုသည်။
တောင်သူလယ်သမား၊ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးရေးအဖွဲ့ နေပြည်တော်တာဝန်ခံ ဦးကျော်ဆွေလတ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်နှင့် လယ်ယာမြေကော်မရှင်များထံ တိုင်ကြားစာများ အသီးသီးပေးပို့သွားမည်ဟု ဆိုသည်။
ဦးမြင့်ကြည်က ''လက်ရှိလုပ်စားနေတဲ့ တောင်သူတွေက ဘယ်နည်းနဲ့မှ နောက်ဆုတ် မပေးနိုင်တော့ဘူး။ ဒါတွေနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုနေရတာ''ဟု ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ရက်က ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ လေကြောင်းရန် ကာကွယ်ရေးတပ်မှ တာဝန်ရှိသူများသည် သိမ်းဆည်းထားသည့် လယ်ယာများကို ခြံခတ်ရေး ဆွေးနွေးခဲ့ကြသည် ဟု ဒေသခံများက ပြောသည်။