မပြေလည်သေးသော အပစ်ရပ်ရေးဆွေးနွေးပွဲ မကြာမီ ပြန်စမည်

မပြေလည်သေးသော အပစ်ရပ်ရေးဆွေးနွေးပွဲ မကြာမီ ပြန်စမည်
by -
ကေအဲန်ဂျီ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)တို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် (၇)ကြိမ်မြောက် ဆွေးနွေးပွဲကို လာမည့် ဖေဖော်ဝါရီလ ၁၂ရက် နောက်ပိုင်း ရန်ကုန်မြို့တွင် ပြန်လည် တွေ့ဆုံရန် သဘောတူညီမှုရရှိသည်ဟု နှစ်ဖက် ကိုယ်စားလှယ်များက ပြောသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီလ ၅ရက် မွန်းလွဲပိုင်း ၂နာရီမှ ၅နာရီကျော်ထိ တွေ့ဆုံဆွေးနွေးခဲ့ရာ လာမည့် ၆၈ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်ရန်လည်း တိုင်းရင်းသားအဖွဲ့ (၁၆)ဖွဲ့ကို ဖိတ်ကြားခဲ့သည်ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

UNFC-vice-chairman-Naing-Han-Ta

“ပြည်ထောင်စုနေ့ အခမ်းအနားတက်ဖို့ လာဖိတ်တာ။ နောက်တချက်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကိစ္စကို ထပ်ဆွေးနွေးသွားနိုင်ဖို့ ပြည်ထောင်စုနေ့ အခမ်းအနားပြီးတော့မှဘဲ အလွတ်သဘော ပြန်တွေ့ကြမယ်။ ပြန်ညှိနှိုင်းကြမယ်” ဟု သူက ပြောသည်။

ပြည်ထောင်စုနေ့ နောက်ပိုင်း UPWC နှင့် NCCT ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထပ်မံတွေ့ဆုံ ညှိနှိုင်းပြီးနောက် (၇)ကြိမ်မြောက် ပြန်လည် တွေ့ဆုံဆွေးနွေးမည့် ရက်ကို သတ်မှတ်ကြမည်ဖြစ်ကြောင်း သူက ပြောသည်။

ထို့ပြင် ဆွေးနွေးပွဲတွင် နှစ်ဖက်က်ုိယ်စားလှယ်များ အကြံပြုစာများ ပေးပို့ခဲ့ကြရာ NCCT ဘက်မှ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် အကြံပြုထားကြောင်း၊ အစိုးရ၏ အကြံပြုချက်များကို ပြန်လည် ညှိနှိုင်းဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။

“ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်နဲ့အညီ တည်ဆောက်သွားဖို့ ကျနော်တို့ အဆိုပြုတယ်။ သူတို့ဘက်ကတော့ သုံး၊ လေးချက်လောက် အကြံပြုထားတယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲပြီးတော့ နိုင်ငံရေးကို ဆက်လက် ဆွေးနွေးဖို့ ငြိမ်းချမ်းရေးကို ရအောင်တည်ဆောက်ဖို့ သံဓိဌာန်ပြုဖို့ ဒါကိုဘဲ ရည်ညွန်းပါတယ်” ဟု သူက ပြောသည်။

တစ်လကျော်ကြာ ရပ်ဆိုင်းခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှု ပြန်လည် ဆွေးနွေး မည် ဖြစ်၍ ယနေ့ တွေ့ဆုံဆွေးနွေးမှုသည် အလားအလာ တိုးတက်ကောင်းမွန်လာသည်ဟု ယူဆကြောင်း နိုင်ဟံသာက ပြောသည်။

လာမည့် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် တိုင်းရင်းသားအဖွဲ့အစည်း (၁၆) ဖွဲ့ကို လာရောက် ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး UPWC နှင့် NCCT တို့ (၇) ကြိမ်မြောက် ပြန်လည် တွေ ့ဆုံ ဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့သည်ဟု ဝန်ကြီး ဦးအောင်မင်းက မီဒီယာများကို ပြောကြားခဲ့သည်။

“UPWC စည်းဝေးလုပ်တာကတော့ လိုအပ်တဲ့ မူဝါဒတွေ ပေးတာပေါ့။ နောက်တကြိမ်ဆွေးနွေး ပွဲလုပ်ဖို့၊ နောက် တကြိမ်ဆွေးနွေးပွဲမှာ ဘယ်အချက်တွေ ဆွေးနွေးဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဆွေးနွေးတဲ့ဆွေးနွေးပွဲ ဖြစ်ပါတယ်။ အခု အဲဒါတွေကို ယူပြီးတော့ ဒီမှာလာဆွေးနွေးတာပါ။ သူတို့လည်း ဒါကို သဘောတူလို့ ၁၂ရက်ပြီးရင် နောက်တပတ်မှာ ဆွေးနွေးပွဲလုပ်ဖို့ ဒါကို သဘောတူညီချက် ရအောင်လုပ်သွားခြင်း ဖြစ်ပါတယ်” ဟု ဦးအောင်မင်းက ပြောသည်။
 
ဆွေးနွေးပွဲတွင် UPWC ဘက်မှ ဝန်ကြီး ဦးအောင်မင်း၊ လဝက ဝန်ကြီး ဦးခင်ရီ၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးနှင့် MPC မှ ဒေါက်တာမင်းဇော်ဦး၊ ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေနှင့် ဦးညိုအုန်းမြင့်တို့ အပါအဝင် ၈ ဦးနှင့် NCCT ဘက်မှ နိုင်ဟံသာနှင့် ပဒိုကွယ်ထူးဝင်းတို့ အပါအဝင် ၅ဦး တက်ရောက်ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဝန်ကြီး ဦးအောင်မင်း အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး/ ရှမ်းပြည် တပ်မတော် (RCSS/SSA)နှင့် တွေ့ဆုံဆွေးနွေးခဲ့သလို၊ မနက်ဖြန် ဖေဖော်ဝါရီလ ၆ ရက်တွင်လည်း ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO)နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

Most read this week