ကျောက်မီးသွေးလျှပ်စစ်ဓါတ်အား ပညာပေးဟောပြောပွဲ အံဒင်ကျေးရွာတွင် ပြုလုပ်

ကျောက်မီးသွေးလျှပ်စစ်ဓါတ်အား ပညာပေးဟောပြောပွဲ အံဒင်ကျေးရွာတွင် ပြုလုပ်
by -
မွန်အေဂျင်စီ

ကျောက်မီးသွေးဓါတ်အားပေးစက်ရုံတည်ဆောက်ရန် လျာထားသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာတွင် ဖေဖော်ဝါရီလ ရရက်နေ့ ညပိုင်းက မလေးရှားနိုင်ငံရောက် အံဒင်ဒေသခံများ၏ ပံ့ပိုးမှုဖြင့် အံဒင်ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသီလက ဦးဆောင်ပြုလုပ်သည့် ပထမအကြိမ် ပညာပေးဟောပြော ပွဲ ပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ ပညာပေးဟောပြောပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဆရာတော် ဘဒ္ဒန္တသီလက “ဘုန်းကြီးတို့ ရွာမှာ စာပေဟောပြောပွဲ အလေ့အထမရှိဘူး။ စိတ်ဝင်စားမှုလည်း နည်းတယ်။ ဒီလိုအလေ့အကျင့် ဖြစ်အောင်၊ ပညာရှင်တွေရဲ့ အမြင်သဘောထားကိုလည်း သိသွားအောင် ဆိုပြီး ဒီပွဲကို လုပ်ဖြစ်တာပါ” ဟု မိန့်သည်။

09-Ye1-300x225

ယင်းဟောပြောပွဲသို့ သတ္တုတွင်းပညာရှင် ဦးစိန်မြင့်(သတ္တုဦးစီး)နှင့်အတူ မွန်ပြည်သစ်ပါတီ ဗဟိုစည်းရုံးရေးဌာန ဒုတာဝန်ခံ(၁) နိုင်ယက္ခလည်း တက်ရောက် ဟောပြောခဲ့သည်။

 ဟောပြောပွဲနှင့် စပ်လျဉ်း၍ ဦးစိန်မြင့်က “ဒီဒေသရဲ့ အနေအထားနဲ့ ဒီပတ်ဝန်းကျင်ရဲ့ အနေအထားဟာဆိုရင် ဒီစက်ရုံဟာ လုံးဝမကိုက်ဘူး၊ ကျွန်တော်က လုံးဝ သဘောမကျဘူး၊ ဒေသခံတွေကိုလည်း ဒါတွေလိုအပ်တယ်၊ မလိုအပ်ဘူး ဆိုတာကို သိစေချင်လို့ ဒီမှာ အမြင်ဖွင့်ပွဲ ဆွေးနွေးဖလှယ်ပွဲ လုပ်တာပါပဲ” ဟု ပြောသည်။

အံဒင်ကျေးရွာ၊ အထက်တန်းကျောင်း ဘောလုံးကွင်း၌ ပြုလုပ်သည့် အဆိုပါ ဟောပြောပွဲတွင် ဦးစိန်မြင့်က ကျောက်မီးသွေး ပညာပေးနှင့် ပတ်သက်၍ “စွမ်းအင် ရှာပုံတော်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး၊ နိုင်ယက္ခ က “လူ့စွမ်းအား အရင်းအမြစ် တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ခြင်း ဖြစ်သည်။

Toyo-Thai ကုမ္ပဏီက တည်ဆောက်ရန် လျာထားသည့် ၁၂၈၀ မဂ္ဂါဝပ်ရှိ အံဒင်ကျောက်မီးသွေးစက်ရုံ စီမံကိန်းသည် ဒေသခံများ၏ ကန့်ကွက်မှုများနှင့် ကြုံတွေ့နေရပြီး၊ တစ်ဖက်တွင်လည်း လိုလားသူ လူတစ်စုက ထောက်ခံလက်မှတ်များ တိတ်တဆိတ် ကောက်ခံလျက်ရှိကြောင်း ဆရာတော်က မိန့်သည်။

ထိုသို့ လုပ်ဆောင်မှုများ ရှိနေခြင်းကြောင့် ဒေသခံများအနေနှင့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများနှင့် ရှင်းလင်းပွဲများသို့ တက်ရောက်သည့်အခါ လက်မှတ်ထိုးရန် တောင်းဆိုလာပါက သတိဝီရိယရှိရန် လိုအပ်ကြောင်းလည်း ဦးစိန်မြင့်က သတိပေးခဲ့သည်။

သူက “စက်ရုံဆောက်ဖို့ အာသီသ ပြင်းထန်နေတဲ့ တချို့လုပ်ငန်းရှင်များက ဒေသခံတွေရဲ့ ရိုးသားမှုနဲ့ မသိနားမလည်မှုတွေကို အခွင့်ကောင်းယူပြီးတော့ ဒီလက်မှတ်တွေကို အလွဲသုံးစားလုပ်ပြီးတော့ သဘောတူညီချက် လက်မှတ်အဖြစ်နဲ့ အသုံးချနေတာကိုလည်း မြင်နေ ကြားနေရတဲ့အတွက် ဒါလည်း သတိထားဖို့လိုပါတယ်” ဟု ပြောသည်။

ဦးစိန်မြင့်သည် “ပတ်ဝန်းကျင်က နုနု၊ ကျောက်မီးသွေး မုန်တိုင်းက ကြမ်းကြမ်းနှင့် သန့်ရှင်းသော စွမ်းအင်ရှာပုံတော်” “သေမင်းတမန်လော စွမ်းအင်လော” စသည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ပညာပေးစာအုပ်များစွာ ရေးသားခဲ့သည့် သတ္တုဦးစီးဌာနမှ အငြိမ်းစားတစ်ဦး ဖြစ်သည်။

အဆိုပါအံဒင် ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားစီမံကိန်းဆောက်လုပ်မည့်အစီအစဉ်အား မွန်သံဃာတော်အဖွဲ့ အစည်း များ၊ မွန်လူငယ်အဖွဲ့အစည်းများ၊ ရေးမြို့နယ်ဒေသခံများနှင့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် မွန်ပြည်သစ်ပါတီတို့က ကန့်ကွက်စာများ ထုတ်ပြန်ခဲ့သည်။

Most read this week