ပြည်ထောင်စုဝန်ကြီးလာရောက်ညှိနိုင်း၍ ၀ိှုက်ကတ်မဲပေးခွင့် ဆန္ဒပြမည့် အစီအစဉ်ယာယီရပ်ဆိုင်း

ပြည်ထောင်စုဝန်ကြီးလာရောက်ညှိနိုင်း၍ ၀ိှုက်ကတ်မဲပေးခွင့် ဆန္ဒပြမည့် အစီအစဉ်ယာယီရပ်ဆိုင်း
by -
နိရဥ္စရာ

ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့၌ စတင်ပြုလုပ် ရန်စီစဉ်ထားသော ယာယီ သက်သေခံလက်မှတ် (၀ိှုက်ကတ်)ကိုင်ဆောင်သူများအား မဲထည့်ခွင့်ပြုမည့် လွှတ်တော်၏ ဆုံးဖြတ်ချက်ကိုု ကန့်ကွက်ဆန္ဒပြမည့် အစီအစဉ်အား ပြည်ထောင်စုအဆင့် ၀န်ကြီးများမှ ဖေဖော်ဝါရီလ ၆ ရက်နေ့က အင်းစိန်မြို့ ရွာမပရိပတ္တိစာသင်တိုက်တွင် မပြုလုပ်ရန် လာရောက် ညှိနှိုင်းသဖြင့် အစီအစဉ်ကို ယာယီ ရပ်ဆိုင်းထားလိုက်သည်ဟု ယာယီ သက်သေခံလက်မှတ် မဲပေးခွင့်ပယ်ဖျက်ရေး(White Card Campaign)ကော်မတီဖွဲ့စည်းရာတွင် ဦးဆောင်ပါဝင်ခဲ့သော မဘသ ဆရာတော် ဦးပါမောက္ခက ပြောသည်။

မဘသ ဆရာတော်ဦးပါမောက္ခက “ သာသနာရေးဝန်ကြီး အပါအဝင် အစိုးရ ဌာနဆိုင်ရာ အစိုးရ အရာရှိကြီးတွေနဲ့ ဆရာတော်တို့နဲ့ လာရောက် ဆွေးနွေးညှိနှိုင်းပါတယ်။ ဖေဖော်ဝါရီလ ၁၀ရက်နေ့မတိုင်မီ အရှင်ဘုရားတို့ ကျေနပ် နှစ်သက်အောင် နိုင်ငံတော် သမ္မတရုံးက နှစ်သက်တဲ့ အဖြေကို ရမယ်။ ၁၀ရက်နေ့ထိ စောင့်ပါဆိုတဲ့အတွက် ဆရာတော်တို့က သူတို့ မေတ္တာရပ်ခံချက်အရ ၁၀ရက်နေ့ထိ စောင့်ဆိုင်းမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်”ဟု နိရဥ္စရာ သတင်းဌာနသို့  မိန့်ကြားသည်။

Narinjara 4

၀ိှုက်ကတ်ကိုင်ဆောင်သူများကို ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန္ဒခံယူပွဲများတွင် မဲထည့်ခွင့် မပြုရ၊ ၂၀၁၅ ရွေးကောက်ပွဲ အထွေထွေရွေးကောက်ပွဲများတွင် မဲထည့်ခွင့်မပြုရ၊ နောင်လာမည့် မည်သည့် ရွေးကောက်ပွဲတွင် ၀ိှုက်ကတ် ကိုင်ဆောင်သူများအား မဲထည့်ခွင့်မပြုရ ဆိုသည့် အချက်များမှာ မိမိတို့နှစ်သက်သော အဖြေများဖြစ်ကြောင်း ဆရာတော် ဦးပါမောက္ခက ပြောဆိုသည်။

“ ဆရာတော်တို့့က ၁၀ ရက်နေ့ထိ စောင့်ဆိုင်းမယ်။ သူတို့ ပြောသလို ၀ိှုက်ကတ်ကိုင်ဆောင်သူတွေကို မဲပေးခွင့်မပြုရင် ဘာဆန္ဒမှ မပြဘူး။ ၁၀ ရက်နေ့လဲ မပြဘူး။ ၁၁ ရက်နေ့လည်း မပြဘူး။ ဆရာတော်တို့ လိုလာတဲ့  အဖြေထွက်မလာဘဲ ၀ိှုက်ကတ် ကိုင်ဆောင်သူတွေကို မဲထည့်ခွင့်ပြုမယ်ဆိုရင် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှာ ဆန္ဒပြပွဲကို စတင်မယ်။ ရန်ကုန်မှာ ရ ရက်ပြပြီး နေပြည်တော်ကို ချီတက်မယ်။ ပြည်သူ့ လွှတ်တော်ရှေ့ထိ ချီတက် ဆန္ဒပြမယ်” ဟု ဆရာတော်က ဆိုသည်။

ယင်းပြင် အစိုးရတာဝန်ရှိသူများက ယခုလက်ရှိ အချိန်မှာ ကျောင်းစာမေးပွဲ၊ ရဟန်းတော်များ၏ စာမေးပွဲလည်း နီးကပ်နေပြီ ဖြစ်ကြောင်း၊ ကျောင်းသားများကလည်း အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့် အနေဖြင့် ဆန္ဒပြချီတက်လာနေကြကြောင်း၊ ၀ိှုက်ကတ်ကိုင်ဆိုင်သူများ မဲထည့်ခွင့်ပေးခြင်းကို မကျေနပ်သူများကလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြကြမည်ဆိုလျှင် တိုင်းပြည် မတည်မငြိမ် ဖြစ်နိုင်သဖြင့် ဆန္ဒပြမည့် အစီအစဉ်ကို ရွေ့ဆိုင်းပေးပါရန် ပြောကြားခဲ့သည်ဟု သိရသည်။

ယခုအခါ ရန်ကုန်မြို့တွင် ၀ိှုက်ကတ် ကိုင်ဆောင်သူများ မဲထည့်ခွင့် ပယ်ဖျက်ရေး အတွက် ယာယီ သက်သေခံလက်မှတ် မဲပေးခွင့်ပယ်ဖျက်ရေး ( White Card Campaign) ကော်မတီကို ဖွဲ့စည်းထားပြီး လူပ်ရှားမှုများ ပြုလုပ်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေ အပါအဝင် ပြည်နယ်အနှံ့ ၀ိှုက်ကတ် ပယ်ဖျက်ရေး ဆန္ဒပြပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြုလုပ်မည်ဟု သတင်း ရရှိသည်။

ယင်းညှိနှိုင်းမှုတွင် အစိုးရဘက်မှ သာသနာရေးဝန်ကြီး ဦးစိုးဝင်း၊ နိုင်ငံတော် သမ္မတရုံး ဒုဝန်ကြီး ဦးကျော်ကျော်ဝင်း၊ လဝက ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်း အပါအဝင် အစိုးရ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီးယာယီ သက်သေခံလက်မှတ် မဲပေးခွင့်ပယ်ဖျက်ရေး ( White Card Campaign)ကော်မတီဘက်မှ အင်းစိန်ဆရာတော်ကြီး တိလောကဘိ၀ံသ ၊ ဦးဝီရသူ၊ ဦးပါမောက္ခနှင့် ရခိုင်လူမှုအဖွဲ့အစည်းမှ ကိုညီညီမောင် အပါအဝင် ခေါင်းဆောင်အချို့လည်း တက်ရောက်ခဲ့ကြသည်။

ဆန္ဒပြရန် သတင်းစာရှင်းလင်းပွဲအပြီးတွင် နိုင်ငံတော်ဝန်ကြီးများ လာရောက်ညှိနိုင်းခဲ့သည်။ (ဓါတ်ပုံ- နိရဥ္စရာ)

Most read this week